News

ကျိန်စာသင့်တဲ့ ဝေခါမြေက ထွက်တဲ့ ကျောက်စိမ်းတုံး ကြီး အကြောင်း

Written by Aung Lay

ကျိန်စာသင့်တဲ့ ဝေခါမြေက ထွက်တဲ့ ကျောက်စိမ်းတုံး ကြီး အကြောင်း

ကျောက်မျက်ပြပွဲ ခေါင်းစဉ် အောက်က ကျောက်စိမ်း ကို အထူးပြု ရောင်းချရတဲ့နေပြည်တော် အင်ပိုရီယန်ကျောက်မျက်ပြပွဲနှင့် ကုမ္မဏီနာမည်ခံ ရေမဆေးကျောက်စိမ်းများရောင်းချပွဲအကြောင်း

တစေ့တစောင်းလောက်တော့ ပြောချင် လာမိပါတယ် ။ဘယ်နေရာ ဘယ်ဒေသကို ရောက်ရောက် အမြီးအမောက်မတည့်မှုနဲ့ ပြောစရာတွေက အများသား ။

တက်လာသမျှ အစိုးရ အသစ် အဟောင်းတွေက ကျောက်စိမ်းကို ဘယ်လိုတူးရမလဲ ဆိုတာပဲ စဉ်းစားတတ်ကြပြီး ၊ကျောက်စိမ်းကို ဘယ်လိုမတူးပဲနေရမလဲ ဆိုတာ မစဉ်းစားတတ်ကြတော့ ကျောက်စိမ်းနဲ့ ပတ်သက်သမျှ လုပ်ကိုင်သူအားလုံးက ဘယ်လို ခိုးကြ ဝှက်ကြ ၊ ဘုန်းကြ ဖြောင်ကြမလဲ ဆိုတာလောက်ကိုပဲ အားထုတ်လာကြတယ် ။

ကျောက်စိမ်းကို ဘယ်လို တူးပြီး ဘယ်လို ရောင်းရမလဲ ဆိုတာကို ဘယ်ခေတ်ကမှလဲ မစဉ်းစား ၊ ဘယ်အစိုးရတက်တက် အကောင်းအထည်မဖော်တာဟာ အကြောင်းတရားက ရှိပြီးသားပါ ။

အဲဒီ အကြောင်းတရားက နိုင်ငံတော်ဟာ အိတ်ပေါက် နဲ့ ဖားကောက် ရတာကို ပျော်ပျော်ကြီး လုပ်လာတယ် ။

အိတ်ပေါက်ထဲက ထွက်လာသမျှ ဖားကို သူတို့ အိတ်ကပ်ထဲ ပြန်ကောက်ထည့် ရတာကို အရသာတွေ့နေကြတာကိုး ။

အမှန်တကယ် အိတ်ကောင်းနေရင်တောင် အိတ်ပေါက် ဖို့ သူတို့ပဲ ကြိုးစားကြမယ် ထင်ပါရဲ့ ။

ဒါကြောင့် ကျနော့် သူငယ်ချင်းက မေးတယ် ” နိုင်ငံတော်ဆိုတာ ဘယ်သူလဲ ” တဲ့ ။

သူ့မေးခွန်းကို ကြားမိတော့ တော်တော် တုန်လှုပ် သွားတယ် ။ ဝမ်းနည်းစရာလည်း ကောင်းပါတယ် ။

တကယ်တော့ ကျနော်တို့ နိုင်ငံကို စီမံခန့်ခွဲနေသူ အားလုံးဟာ နိုင်ငံတော် ဆိုတာ သူတို့လို့ ထင်နေကြသူတွေ အုပ်ချုပ်နေတယ်ဆိုတာပါပဲ ။

ဒါကြောင့် နိုင်ငံတော် ဖြစ်ချင်သူတွေ များနေတာပါလား ဆိုတာ တနေ့တခြား သဘောပေါက်လာပါတယ် ။

ဒီခေတ်ကြီးမှာ နိုင်ငံတော် ကိုယ်စားပြုတို့ ၊ ဒေသကိုယ်စားပြုတို့ ၊ လူမျိုးကိုယ်စားပြုတို့ ဆိုတဲ့ စကားလုံးတွေ အလွန်အမင်း စီးပွားဖြစ်လာတာကို နဖူးတွေ့ ဒူတွေ့ ကြုံလာမှ သိလာရပါတယ် ။

ကိုယ်စားပြုတယ် ဆိုတာ ” ကိုယ် “စားဘို့ ပြုလုပ်တဲ့ အလုပ်လို့ အဓိပ္ပါယ်ဖွင့်ရင် ပိုမှန်မလားပဲ ။

အင်ပိုရီယန်က ရေမဆေးကျောက်အရောင်းအဝယ်…

ပုံပါ ကျောက်စိမ်းတုံးကြီးက ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ငါးနာရီ ဝန်းကျင် ဝေခါကျေးရွာက ကျောက်စိမ်း တူးဖော်ရေး ကုမ္မဏီ လုပ်ကွက်တခုရဲ့

( ကုမ္မဏီနာမည်ကို လိုအပ်မှ ဖော်ပြပါ့မယ် )ကမ်းပါး နံရံပေါ်က ရေမဆေးသမားတွေ တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးကြီးပါ

အလေးချိန် အားဖြင့် ၁၁၀၀ Kg ခန့် ရှိတယ်လို့ သိရပါတယ် ။ရှာဖွေ တွေ့ရှိတဲ့ ရေမဆေးတွေကို သိန်းပေါင်း ၁၂၅၀၀ နဲ့ ဈေးဖြတ်ပေးခဲ့ပါတယ် ။

ဒီကျောက်က ရေမဆေးသမားတွေ တွေ့ခဲ့လို့သာ ကျောက်မျက်ပြပွဲမှာ မြင်တွေ့ခွင့် ရတာပါ ။နို့မဟုတ်ရင် တရုတ်ပြည်ကို မှောင်ခိုလမ်းက ရောက်သွားမှာပါ ။

တရုတ်ပြည်မှာ ဒီလိုပုံစံမျိုး ကျောက်စိမ်းတုံး တွေ ရေတွက်လို့ မကုန်နိုင်ဘူးဆိုတာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်/သံဖိုင်တွေက သက်သေပြနေပါတယ် ။

အခုတော့ ၁၁၀၀kg ရှိတဲ့ ဝေခါ ကျောက်စိမ်းတုံး ကြီးဟာ ၂၀၁၉ခုနှစ် နှစ်လည် ကျောက်မျက်ရတနာပြပွဲမှာ

lot number 4866 အလေးချိန် 11.30kg အစရေ 1စ ကြမ်းခင်းဈေး 300000 လေလံအောင်ဈေး 7600009 ယူရိုငွေထွက် မြန်မာငွေနဲ့ ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းရှစ်ထောင်ကျော် ဈေးရနေပါပြီ ။

အငြင်းပွားဖွယ်ရာ ကျောက်စိမ်းတုံးကြီး တွေ့ရှိပုံနှင့် တွေ့ရှိသည့်နေရာ…

ဝေခါကျေးရွာအနီးက တခုသော ကုမ္မဏီရဲ့ တနေ့သော ညနေခင်း ငါးနာရီခန့် မှာ နာရီပိုင်း လုပ်ကွက်ထဲကို ရေမဆေးကျောက် ရှာခွင့်ပြုခဲ့တယ်။

ဥပဒေအရ ခွင့်ပြုမထားပေမဲ့ နယ်မြေဒေသအရ ခွင့်ပြုပေးနေရတဲ့ ဓလေ့တခု လို ဖြစ်နေပါတယ် ။

ရေမဆေးသမားလေး တဦးက အဆိုပါ လုပ်ကွက် အဆုံး လို့ ယူဆရတဲ့ လုပ်ကွက် နှုတ်ခမ်း နံရံပေါ်မှာ ကပ်နေတဲ့ ကျောက်စိမ်းတုံး အစလေးလေး

( ယခုယူရိုသန်းပေါင်းများစွာ တန်ဘိုးရှိလာမဲ့ ၁၁၀၀kg ရှိတဲ့ ကျောက်စိမ်းတုံးကြီး) ကို စတွေ့ခဲ့တယ် ။

သူ့အရပ်နဲ့ မမှီမကမ်းမို့ သံတူရွင်း ( သံဒိုင်) နဲ့ လှမ်းထိုးခဲ့တယ် ။ပထမ နံရံမှာ ပေါ်နေတာက လေးငါးဆယ် ပိဿာ အရွယ်ထင်ခဲ့တာ ။

သံဒိုင်နဲ့ လှမ်းထိုးရင်းနဲ့ အနာ ရှိတဲ့ နေရာက ကျောက်အပိုင်းအစတချို့ပဲ့ကျလာတယ် ။

ပဲ့ကျလာတဲ့ ကျောက်အပိုင်းအစ တချို့ကို ကြည့်တော့ အရည်ကျောက် ဖြစ်နေတာကို ရေမဆေးတွေက သိတယ် ။

တချို့အဲဒီကျောက်စိမ်းတုံးကြီးက အပဲ့အရွဲ့တွေရောင်းစားတာတောင် သိန်းထောင်ငွေရသွားကြတယ် ။

ရေမဆေးတွေ ဝိုင်းဖော်ကြရင်းနဲ့ မထင်မှတ်ပဲ ကျောက်စိမ်းတုံးကြီးက ဧရာမ အကြီးကြီး ဖြစ်နေတယ် ။

နောက်ဆုံးမှာ ရေမဆေးအုပ်စုကလည်းများ ၊ ကျောက်ကလည်း သိပ်ပြီး မကောင်းလောက်ဘူးထင်တာကြောင့် အဲဒီလုပ်ကွက်က

ကုမ္မဏီတာဝန်ရှိသူတွေကိုယ်တိုင် ဘက်ဟိုနဲ့ ကားပေါ်တင်ပေးပြီး စေတနာတွေ ရက်ရက်ရောရော နဲ့ ရေမဆေးတွေကို ယူခွင့်ပေးလိုက်ပါတယ် ။

အဲ့လိုမဟုတ်ရင်လည်း ရေမဆေးတွေက ပွဲကြမ်းမှာလေ။ အ

အခြားနေရာတွေမှာ ကုမ္မဏီနဲ့ ရေမဆေး ပြဿနာတက်လို့ ကုမ္မဏီပိုင် အဆောက်အဦးတွေ ၊ စက်ယန္တယားတွေ မီးရှို့ဖျက်ဆီးတဲ့ သာဓကတွေကလည်း ရှိခဲ့တယ် ။

ကျောက်စိမ်းတုံးကြီး ကားပေါ်က ချတော့ ဟိုလူက ဓါတ်မီးနဲ့ထောက်ကြည့် ၊ ဒီလူက ဓါတ်မီးနဲ့ ထောက်ကြည့် ဝိုင်းကြည့်ကြရင်းနဲ့ ကျောက်စိမ်းတုံးကြီးက တော်တော်အရည်အသွေးကောင်းနေတာကို သိသွားကြပါတယ် ။

ဝေခါကျေးရွာက အုပ်ချုပ်ရေးရုံးမှာ ဒီကျောက်ကြီးကို တွေ့ရှိရာ လုပ်ကွက်တာဝန်ရှိသူတွေက ဈေးဖြတ်ပြီး မရမက ဝယ်ပါတော့တယ် ။

နောက်ဆုံးမှာ အလေးချိန် ၁၁၀၀ kg ခန့် ရှိတဲ့ ဒီကျောက်ကြီး ကို သိန်းပေါင်း ၁၂၅၀၀ (တသောင်းနှစ်ထောင့်ငါးရာ)နဲ့ ရေမဆေးတွေကို ဈေးဖြတ်ပေးပါတယ် ။

ဒီသိန်းပေါင်းတ သောင်းကျော်ကို အုပ်ချုပ်ရေး ၊ စစ်တပ် ၊ kia ၊ မီးသတ် ၊ ဂျော်ကီစု (ကျောက်ဝိုင်းသယ်ပေးတဲ့ရေမဆေး) အသီးသီး ခွဲဝေယူကြပါတယ် ။

တကယ်တွေ့ခဲ့တဲ့ ကျောက်ပိုင်ရှင်က သိန်းပေါင်း ရာဂဏန်းသာ ရရှိခဲ့တယ် လို့ သိရပါတယ် ။

ကျနော်ဖြစ်မိတဲ့ သံသယ

ဒီကျောက်စိမ်းတုံးကြီး လုပ်ကွက် အတွင်းက ကျောက် ဟုတ်/မဟုတ် ဘယ်လို သက်သေပြမှာလဲ ။

သက်ဆိုင်ရာ ကုမ္မဏီနဲ့သက်ဆိုင်ရာဌာနက ပြတဲ့ သက်သေတွေကို ကျနော်တို့ ဘယ်လို ယုံကြည်ရမလဲ ၊ ဘယ်လောက်ယုံကြည်ရမလဲ ။

အလှည့်အပြောင်း အတိမ်းအစောင်း အမျိုးမျိုး လုပ်လို့ ရတဲ့ ခေတ်ကြီးမှာ ဒီလောက်တန်ဘိုးကြီးတဲ့ ငွေကြေးပမာဏ ရှိတဲ့

ကျောက်စိမ်းတုံးကြီး ကုမ္မဏီပိုင်ဖြစ်ရေး ၊ နိုင်ငံတော်ပိုင်ဖြစ်ရေးဟာ နာရီပိုင်းအတွင်းမှာ သက်ဆိုင်သူတွေရဲ့ ကိုယ်ကျင့်တရားကို အရည်ပျော်သွားအောင် လုပ်လို့ရပါတယ် ။

ဒါကြောင့် ဒီကိစ္စကို နယ်ခံ သတင်းထောက် တယောက်အနေနဲ့ အကြီးကြီး သံသယဖြစ်မိတာ အမှန်ပါပဲ။

လုပ်ကွက် တိုင်းတာရေး အဖွဲ့ရဲ့ ဒီဂရီ ညွှန်းထောက်တခုက မြေပြင်ကို ဘယ်လောက်အထိ ပြောင်းလဲ နိုင်သလဲဆိုတာ ပညာရှင်တွေ ပိုသိပါတယ် ။

အင်္ဂတေဖြင့် အခိုင်အမာ လုပ်ကွက်ဧရိယာနယ်နိမိတ်ကို သတ်မှတ် စိုက်ထူထားရမည်ဆိုသည့် ဥပဒေကို သက်ဆိုင်ရာ

ကုမ္မဏီရော ၊ သက်ဆိုင်ရာ ဌာနကရော မလိုက်နာသည့် အချက်တချက်ထဲနဲ့တင် ဒီကျောက်စိမ်းတုံးဟာ နိုင်ငံတော်ပိုင်ဖြစ်နေပါပြီ ။

သမ္မတ ဘာလုပ္မလဲ ၊ အတိုင္ပင္ခံဘာလုပ္မလဲ ။

သက်ဆိုင်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ကို ကျနော်တို့ လုံးဝ ( လုံးဝ ) အယုံအကြည် မရှိပါ ။

ကျနော့်မိတ်ဆွေ မေးနေတဲ့ ” နိုင်ငံတော်ဆိုတာ ဘယ်သူလဲ ” ဆိုတဲ့ မေးခွန်း ဒီမှာ အဖြေပေါ်လောက်ပါပြီ ။ ဒါက ကျနော် စွပ်စွဲနေတာ မဟုတ်ပါ ။

မှော်ဒေသမှာ ဖြစ်လေ့ဖြစ်ထ ရှိနေတတ်တဲ့ သဘာဝကို သိသင့် သိထိုက်သူတွေကို တင်ပြနေခြင်းသာ ။ မည်သူ့ကို မှ နစ်နာလိုခြင်းမရှိပါ ။

အမှန်တရားပေါ်ပေါက်အောင် မစစ်ဆေးနိုင်ရင် ကျနော်ကိုယ်တိုင် ကြိုးစင်တက်ပါ့မယ်….

ဒီလိုသံသယ ဖြစ်မိတာ ဒီကျောက်စိမ်းတုံးကြီး တတုံးထဲလားဆိုတော့ မဟုတ်ပါဘူး ။

၂၀၁၆ ခုနှစ်က မက်လင်ချောင် အကျိုးတူလုပ်ကွက်က ရခဲ့ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ကျောက်စိမ်းတုံးကြီး ကရော လုပ်ကွက်ထဲကလား ၊ သက်တမ်းကုန် လုပ်ကွက် ဧရိယာထဲကလား ။

နောက် လုံးခင်းမှော် က Max ကုမ္မဏီက ကျောက်စိမ်းတုံးကြီး ။ ကျောက်စိမ်းတုံး သမိုင်းတွေ ပြောရရင် အရှည်ကြီးမို့ မပြောတော့ပါဘူး ။

အဖိုးတန် ကျောက်စိမ်းတုံးကိုးဆယ်ရာခိုင်နှုံးက ဘာကြောင့် ရေမဆေးသမားတွေပဲ တွေ့နေရတာလဲ ။ရေမဆေးတွေက နတ်မျက်စိပိုင်ရှင်တွေမို့လား ။ မဖြစ်နိုင်ပါ ။

ကျနော်အခုလို ထောက်ပြရင် သက်ဆိုင်ရာကုမ္မဏီတွေ ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဇွတ်အတင်းဘောင်အတွင်းဝင်အောင်

အထက်အဆင့်ဆင့်လူကြီးတွေကို သက်သေ သက္ကာယတွေ ပြကြတော့မယ်ဆိုတာလည်း ကြိုသိနေပါတယ် ။

ဒီ ကိစ္စတွေက အမှန်တရားပေါ်ပေါက်ဖို့ဆိုရင် သာ့ဒ်ပါတီတွေ မပါသေးသ၍တော့ အမှန်တရားဟာ ဝေးနေအုံးမှာပါ ။

ဥပမာ -ကျနော့်ကိုသာ စုံစမ်းစစ်ဆေးခိုင်းရင် သေချာပေါက် စစ်ဆေးနိုင်ပါတယ် ။

အမှန်တရားမပေါ်ပေါက်ဘူးဆိုရင် ကျနော်ကိုယ်တိုင် ကြိုးစင်တက်ပါ့မယ် ။

ဒါဟာ နိုင်ငံတော်အပေါ်မှာ ထားတဲ့ နိုင်ငံသားတယောက်ရဲ့ သစ္စာတရားပါ ။

ကျနော့်ကို စုံစမ်း စစ်ဆေးမှုအတွက် နိုင်ငံတော်က ငွေကြေးတပြားတချပ်မှ ပေးစရာမလိုပါဘူး ။

ကျနော့်လုံခြုံရေးကိုတော့ အပြည့်အဝတော့ တာဝန်ယူပေးရင် ရပါပြီ ။

ဒီ ကိစ္စကို ကျနော့်အနေနဲ့ အသက်နဲ့လဲပြီး တောင် ပြောဆိုရေးသားနေရတာဟာ ကျောက်စိမ်း ကဏ္ဍမှာ ပြည်သူ့ဘဏ္ဍာ အများကြီး နစ်နာဆုံးရှုံးနေတဲ့အတွက်ပါ ။

ရှုပ်ထွေးနေတဲ့ ဥပဒေနဲ့ ရှုပ်ထွေးနေတဲ့ နယ်မြေ —

ကျောက်စိမ်းတုံးကို အမှန်တကယ် တွေ့ရှိခဲ့တဲ့ ရေမဆေးသမား က သိန်းတထောင်မပြည့်တဲ့အကျိုးအမြတ်ကိုပဲ ခံစားရပြီး

ကျောက်စိမ်းတုံး ပိုင်ရှင် ကုမ္မဏီဆိုသူက အပိုင်းပိုင်းဖြတ်ပြီး ယူရိုငွေ ဘီလီလျံပေါင်းများစွာ အကျိုးခံစားခွင့် ရနေမှုက

တရားသလား မတရားသလားဆိုတာ စာဖတ်သူများသာ စဉ်းစားကြည့်ကြပါ ။လုပ်ကွက်ထဲကို ဝင်ရှာခွင့်ပြုလို့ ဝင်ရှာခဲ့တယ် ။

ရေမဆေးသမားက ကျောက်စိမ်းတုံးကြီးကို တွေ့တယ် ။ ကြည်ကြည်ဖြူဖြူ ယူသွားဘို့ သူတို့( ကုမ္မဏီ) ပဲ ခွင့်ပြုခဲ့တယ် ။

ကျောက်ကောင်းမှန်းသိတော့ ရေမဆေးကို ဖိအားပေးပြီး သိန်းပေါင်း တသောင်းကျော်နဲ့ ဈေးဖြတ်ပြီး အနိုင်ကျင့်ဝယ်သွားတယ် ။

ရေမဆေးသမားတွေကြောင့် ကျောက်ကောင်းမှန်းသိခွင့်ရခဲ့တယ် ။

ရေမဆေးသမားမတွေ့ရင် တရုတ်ပြည်ရောက်မှ ကျောက်ကောင်းမှန်းသိရတယ် ။

ဥပဒေအရ ရေမဆေးသမားတွေကို ကျောက်စိမ်းကို ကိုင်ဆောင်ခွင့် ၊ ရောင်းဝယ်ခွင့် ၊ တူးဖော်ခွင့် ၊ သူများလုပ်ကွက်ထဲကို ဝင်ရောက်ခွင့်ပြုမထားဘူး ။

ဒါပေမဲ့ နယ်မြေဒေသအရ မဖြစ်မနေ ခွင့်ပြုထားရတယ် ။

ရေမဆေးသမားလဲ ဥပဒေ ချိုးဖောက်တယ် ။ ကုမ္မဏီ လည်း ဥပဒေ ချိုးဖောက်တယ် ။

သက်ဆိုင်ရာဝန်ထမ်းတွေကလည်း ဝန်ထမ်းစည်းကမ်းတွေကို ချိုးဖောက်တယ် ။

နောက်ဆုံးတော့ နိုင်ငံတော်က နစ်နာတယ် ။

ရှုပ်ထွေးနေတဲ့ နယ်မြေမှာ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ လုပ်ပိုင်ခွင့်ရသူတွေပဲ အကျိုးအမြတ်ဖြစ်ထွန်းနေပြီး တကယ်မူလပိုင်ရှင် နိုင်ငံတော်က နစ်နာနေစမြဲ ။

နိုင်ငံတော်က ကြီးမှူး ကျင်းပတဲ့ ကျောက်မျက်ပြပွဲဆိုတာ ကျောက်စိမ်းခိုးထုတ်သူ ကုမ္မဏီများရဲ့ လုပ်ရပ်ကို မသိကျေးကျွန်ပြုပြီး သူကောင်းပြု သိက္ခာထပ်တဲ့ ပွဲဆိုရင် မမှားပါ ။

ပုဂ္ဂလိက ၊ အကျိုးတူ ၊ သမ လုပ်ကွက်တွေက တူးလို့ရသမျှ ၊ ကောင်းတဲ့ ကျောက်စိမ်းမှန်သမျှ အားလုံးနီးပါး တရုတ်ပြည် ခိုးထုတ်နေကြတာ တိုင်းသိ ပြည်သိ ကမ္ဘာသိပင် ဖြစ်ပါတယ် ။

ကုမ္မဏီက ကျောက်ခိုးထုတ်လေ သက်ဆိုင်ရာ ဝန်ထမ်းတွေ ချမ်းသာလေ ပါပဲ ။

ရေမဆေးတွေ ရတဲ့ ကျောက်တွေကို ကုမ္မဏီ နာမည်ခံ ပြပွဲတင် ၊ ဈေးကောင်းရရင် နိုင်ငံတော်မာ

ကုမ္မဏီက နာမည်ကောင်းရ ၊ ကျောက်ပိုင်ရှင်ရေမဆေးလောပန်းဆီကလည်း ဝန်ဆောင်ခရ ၊ ကုမ္မဏီတွေဟာ ထင်းဖြတ်တဲ့ လွှပမာပါပဲ ။ အဝင်လဲ လွှစာထွက် ၊ အထွက်လဲ လွှစာထွက် ။

ဒီအကြောင်းတွေ သိပြီးသား ဖြစ်နေတဲ့ ကျနော့်မှာ ကျောက်မျက်ပြပွဲရောက်တိုင်း အွန်လိုင်းပေါ်က သတင်းဓါတ်ပုံတွေကြည့်ပြီး မချိပြုံး ပြုံးနေရတာကလည်း အာရွဲ့မတတ်ပါပဲ ။

ရာဇ အိန္ဒြေရ အပြည့်နဲ့ ဒုသမ္မတက လိုက်ကြည့်လိုက် ၊ ပြည်ထာင်စုဝန်ကြီးနဲ့ MD ကြီးသေးလတ်ငယ်တွေတရုံးရုံးနဲ့ လိုက်ကြည့်လိုက် ၊

ဲရဲတောက် ပင်နီတိုက်ပုံကိုယ်စီ ပိုးပုဆိုး တရွှမ်းရွှမ်းနဲ့ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်ကြီးတွေမှာလည်း ပြုံးပြသူက ပြုံးပြ ၊

ရီပြသူကရီးပြကြရင်း လိုက်လံ ကြည့်ရှုလိုက်ကြရင်း ၊ ဖုန်းမျိုးစုံ ၊ ကင်မရာမျိုးစုံနဲ့ မှတ်တမ်းဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်လိုက်နဲ့ ပဲ ပြပြွဲတွေ တပွဲပြီး တပွဲပြီးသွားခဲ့ပါတယ် ။

အင်ပိုရီယံ ပြပွဲမှာ ခင်းကျင်း ပြသ ရောင်းချနေတဲ့ ကျောက်စိမ်းတွေရဲ့ နောက်ကွယ်က အမှန်တရားတွေကို သက်ဆိုင်သူ လူကြီးမင်းတွေ မျက်ကွယ်ပြုနေကြတယ် ။

ယူရို သန်းပေါင်းများစွာတန်တဲ့ လှပတဲ့ ကျောက်စိမ်းတုံးတွေနောက်ကွက်က အောက်စော်နံ ပုတ်သိုးနေတဲ့ အမှန်တရားတွေကို လူကြီးမင်းများက မသိချင်တာလား ၊ မသိချင်ဟန်ဆောင်နေကြတာလား ။

သိနေသူတယောက်အဘို့ ပြောချင်လွန်းလို့ ရင်ထဲကို ဆို့ဆို့တက် ၊ ပျို့ပျို့တက်လာတာကလည်း အကြိမ်ကြိမ်ပါပဲ ။

အမှန်တရားကို မျက်ကွယ်ပြုသူ လူကြီးမင်းများက နေနိုင်ပေမဲ့ အမှန်တရားကို မျက်ကွယ်မပြုနိုင်သူ ကျွန်ုပ်အဘို့ ဒီစာကို မနေနိုင်မထိုင်နိုင် ရေးလိုက်ရတာပါ ။

ကျောက်စိမ်းတူးဖော်ရေးနောက်ကွယ်က ဇာတ်ကြောင်းတွေ ၊ မသမာမှုတွေ ၊ မရိုးသားမှုတွေ၊ မမျှတမှုတွေ ၊

ဆုံးရှုံးနစ်နာနေမှုတွေ ကို ပြပွဲကို လာရောက်ကြည့်ရှုအားပေးကြတဲ့ ဘယ်ဒုသမ္မတ ၊ ဘယ်ပင်နီဝတ် အမတ်မင်းများကမှ မဖော်ထုတ်ကြ ၊

စိတ်မဝင်စားကြ ၊ မဖြေရှင်းကြ ၊ တာဝန်ယူရကောင်းမှန်း မသိကြ ၊ နောက်ဆုံးတော့ တူးမြဲ ခိုးမြဲ ပြမြဲ ကြည့်မြဲ ရိုက်မြဲပါပဲ ။

နောက်ထပ် အနှစ် တရာနေရင်လည်း ဒီမိုးဒီလေ ဒီလူတွေနဲ့တော့ နေပြည်တော်က ကျောက်မျက်ပြပွဲ အင်ပိုရီယံ ဖော်မြူလာက ဒီအတိုင်း ဖြစ်နေအုံးမှာပါပဲ ။

နိဂုံးချုပ် အနေနဲ့ ဝမ်းနည်းစွာ အားမနာတမ်းပြောရရင် ဖားကန့်မှာ ကျောက်တူးတဲ့ ကုမ္မဏီ မှန်သမျှ ကျောက်စိမ်းခိုးသူတွေချည်းပါပဲ ။

မခိုး ခိုးအောင် နိုင်ငံတော်မူဝါဒနဲ့ နိုင်ငံ့ဝန်ထမ်းတွေကလည်း တွန်းပို့နေကြတဲ့အရာတွေ အများကြီး ရှိနေပါတယ် ။

ထွက်သမျှ အရည်အသွေးကောင်း ကျောက်စိမ်းမှန်သမျှ ကိုးဆယ်ရာခိုင်နှုံး ခိုးပြီး တရုတ်ပြည် ပို့ပါတယ် ။ ( ကုမ္မဏီများရဲ့ ကျောက်ခိုးမှု ပုံးစံအမျိုးမျိုးကို သီးသန့် တင်ပြပါ့အုံးမယ် ) ။

ဖားကန့်မှာ ရှိနေတဲ့ မီးသတ် ၊ အုပ်ချုပ်ရေးမှူးအစ တပ်မတော်အလယ် ကျောက်စိမ်းတူးဖော်ရေးဌာန အဆုံး ဝန်ထမ်းအားလုံးဟာ

နိုင်ငံတော်က လစာယူပြီး နိုင်ငံတော်ကို သစ္စာဖောက်နေသူတွေ ချည်းပဲလို့ စွပ်စွဲချင်ပါတယ် ။ဘာကြောင့် ဒီလို စွပ်စွဲရသလဲဆိုရင် သက်သေပြလို့ရတဲ့ နည်းတွေအများကြီးရှိပါတယ် ။

သာ့ဒ် ပါတီ ပါဝင်တဲ့ အစိုးရ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ပြီး သတ္တု ကဏ္ဍက ဝန်ထမ်းအားလုံးကို ပိုင်ဆိုင်မှု စုံစမ်းစစ်ဆေး ၊

ဖားကန့်ကို တာဝန်ထမ်းဆောင်ဘူးတဲ့ တပ်မတော် ၊ ရဲတပ်ရင်း အပါအဝင် အရာရှိအရာထမ်း မှန်သမျှ အားလုံးကို

စုံစမ်းစစ်ဆေးမှုတွေ လုပ်လိုက်ရင် ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်ဇံ လို ပုဂ္ဂိုလ်တွေ တသီတတန်းကြီး ထွက်ပေါ်လာမှာ အသေအချာပါပဲ ။

အဲ့တော့ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ကျောက်စိမ်းကို ဆက်လက်တူးဖော်နေရင် ဘာတွေပဲ ဆက်ဖြစ်နေအုံးမယ်ဆိုတာကို စဉ်းစားလို့ ရနိုင်လိမ့်မယ်လို့ ထင်ပါတယ် ။

ကျောက်စိမ်းတောင်တွေသာ တတောင်ပြီး တတောင်သာ ကုန်သွားပေမဲ့ ပြည်တွင်းစစ်မီးတွေ တဟုန်းဟုန်းတောက်လောင်ရင်း ၊

စစ်ပြေးဒုက္ခသည်တွေ တပြုံတမကြီးကို ပစ်ထားရင်း ၊ အလုပ်လက်မဲ့တွေကို မွေးဖွားပေးရင်း ၊ ပြည်ပကြွေးမြီတွေ မနိုင်မနင်းနဲ့

အဖေ ဗိုလ်ချုပ်သမီး အမေ မုဆိုးမ ဒီမိုကရေစီ သူရဲကောင်း မိခင်ကြီးကို မြှောက်စားနေကြရင်းနဲ့ပဲ ကျနော်တို့တတွေ ပီတိကိုစား အားပြတ်နေလှပါပြီ ။ အမေ့ကို ချစ်ပါသည် ။

လေးစားပါသည် ။ အမေ့လူတွေ အရည်အချင်းဟာ မေးခွန်းထုတ်စရာ အဆင့်ကို ရောက်နေပါပြီ ။

လေးနှစ်ရာသီမှာ ကျောက်မျက်ဥပဒေကိုပင် ပြီးပြည့်စုံအောင် မရေးဆွဲနိုင်သေးတာဟာ ရိုးမှ ရိုးပါရဲ့လားလို့ မေးခွန်းထုတ်ချင်မိပါသည် ။

ကျနော့်မိတ်ဆွေ ကျော်ကြီး MDY ရဲ့ စကားကို ငှားပြီးပြောရရင် ဒီမိုး ဒီလေ ဒီလူတွေ ( အမေ့သားသမီးတွေအပါအဝင်) နဲ့ ရာသက်ပန် ဖြူကာ ပြာကာ နိုင်ငံတော်ကြီးကို ဆက်လက်တည်ဆောက်နေအုံးမှာလားလို့ မေးပါရစေခင်ဗျား ။

မှတ်ချက် ။ မှတ်တမ်း ဓါတ်ပုံ ၊ မှတ်တမ်း ဗွီဒီယိုတွေ အောက်မှာ ကျောက်စိမ်းတုံးကြီးသမိုင်းကြောင်းကို ရှင်းပြထားပါတယ် ။

ဇော်မိုးထက် ( ဖားကန့် )

ဝေခါ ကျေးရွာမှာ ကားပေါ်ကချထားသော ကျောက်စိမ်းတုံးကြီးအား စတင်တွေ့ရှိချိန်က ရေမဆေးများ ရိုက်ကူးထားသည့် မှတ်တမ်း ဗွီဒီယို crd -fb

Photo များကို Tun Thin fb မှ ကူးယူဖော်ပြပါသည် ။၂၀၁၉

About the author

Aung Lay

Leave a Comment