Knowledge

ဘုရားကို ဘာကြောင့်ရှိခိုးရသလဲ? ဗုဒ္ဓဘာသာဝင်တိုင်း မဖြစ်မနေ သိထားသင့်တာမို့ မျှဝေလိုက်ရပါတယ်

Written by Aung Lay

ဘုရားရှင်ဟာ မိမိဆန္ဒအလျောက် ဘုရားဖြစ် အောင် ကျင့်တယ် ။ ဘုရားဖြစ်ပြီးနောက် ပရိနိဗ္ဗာန်ပြု သွားပြီး ဖြစ်တယ် ။

ဒီအတွက် အခြားသူတွေက ဘာရှိခိုးဦးချနေစရာ လိုသလဲလို့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ တွေးခေါ် ပြောဆိုတတ်ကြပါတယ် ။ ရှိခိုးဦးချသင့်တဲ့ အကြောင်းတွေက အများကြီးပါ ။

ဒီထဲက အများနားလည်တဲ့ အကြောင်းတစ်ခုကို ပြောရရင် အနှိုင်းမဲ့ ကျေးဇူးရှင် ဖြစ်လို့ပါပဲ ။

ဘုရားရှင်ရဲ့ ကျေးဇူး တရားတွေဟာ သတ္တဝါတွေအပေါ် ပြောမကုန်အောင် ကြီးမားများပြားလွန်းပါတယ် ။ ဘုရားတစ်ဆူရဲ့ ရှိခိုးဦးချ ထိုက်တဲ့ ဂုဏ်တော် ၊ ကျေးဇူးတော်တွေကို အခြားဘုရား တစ်ဆူက တစ်သက်လုံး ဟောတော်မူပေမဲ့ ကုန်နိုင်ဖွယ် မရှိဘူးလို့ကျမ်းဂန်တွေမှာ ပြဆိုထားပါတယ် ။

ကျေးဇူးတရားကို အပိုင်းသုံးပိုင်းခွဲပြီး ပြောချင်ပါတယ် ။ လက်ရှိဘဝတစ်ပိုင်း ၊ တမလွန်သံသရာ တစ်ပိုင်းနှင့် ဘဝလွတ်မြောက်ရေးတစ်ပိုင်းပါ ။

လက်ရှိဘဝအနေနှင့် – ဒါက ကောင်းတဲ့အပြုအမူ ၊ အပြောအဆို ၊ အကြံ အစည် (ကုသိုလ်တရား) ၊ ဒါက မကောင်းတဲ့အပြုအမူ ၊ အပြောအဆို ၊ အကြံအစည် (အကုသိုလ်တရား) လို့ကုသိုလ် ၊ အကုသိုလ်တို့ရဲ့ ကွဲပြားခြားနားချက်တွေ ။

ဒါက ကုသိုလ်ရဲ့ အကျိုး ၊ ဒါက အကုသိုလ်ရဲ့ အပြစ်လို့ ကုသိုလ် ၊ အကုသိုလ်ရဲ့ အကျိုးအပြစ်တွေ ။

ကုသိုလ် ၊ အကုသိုလ် အားလျော်စွာ သတ္တဝါတွေ ကျင်လည်ရတဲ့ အောက်ဆုံး အဝီစိ ၊ အထက် ဘဝဂ်တိုင်အောင် ဘုံဘဝတွေ ။ ဒါတွေကို ဘုရားရှင် ဟောပြတော်မူလို့ သတ္တဝါတွေ သိကြရတာ ဖြစ်ပါတယ် ။

အချို့က ဒီအကြောင်းအရာတွေကို မိဘဘိုးဘွား ၊ ဆရာသမားတွေ ပြောပြလို့ သိရတာပါလို့ စောဒကတက် နိုင်ပါတယ် ။

တကယ်တော့ မိဘဘိုးဘွား ဆရာသမား တွေဟာ ကိုယ်တိုင် ထိုးထွင်းသိလို့ ပြောနိုင်ကြတာ မဟုတ်ပါဘူး ။ ဘုရားရှင် ဟောပြောညွှန်ပြမှုကြောင့် သိကြတာ ဖြစ်ပါတယ် ။

ဘုရားရှင်ဆီက တစ်ဆင့်သိရလို့ ပြောပြနိုင် ၊ ဆုံးမနိုင်ကြတာ ဖြစ်ပါတယ် ။ ဒါတွေကိုသိတော့ ဘယ်လို အကျိုးရှိသလဲလို့ မေးစရာရှိပါတယ် ။ အကုသိုလ်ကိုသိ ၊ အကုသိုလ်အပြစ်ကို မြင်တော့ အကုသိုလ်လုပ်ရမှာ ကြောက်တတ်လာပါတယ် ။

အကုသိုလ်အပြစ်ကို ခံယူရမှာကြောက်လို့ အကုသိုလ် ဆိုရင် ရှောင်ကြဉ်လာတတ်ပါတယ် ။ ကုသိုလ်ကိုသိ ၊ ကုသိုလ်အကျိုးကိုမြင်တော့ ကုသိုလ်ရေးမှာ ထကြွနိုးကြား လာတတ်ပါတယ် ။

ကုသိုလ် အကျိုးကို ခံယူရမှာသိလို့ ကုသိုလ်ရေးကို ရှာဖွေ လုပ်တတ်လာပါတယ် ။အကုသိုလ်မှုကို ရှောင်ကြဉ်တာကြောင့် မျက်မှောက် ဘဝမှာ မိမိ ၊ သူတစ်ပါး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုး မှ လွတ်ကင်းရပါတယ် ။ ဘေးအမျိုးမျိုး ၊ ရန်အမျိုးမျိုးမှ လွတ်ကင်းရပါတယ် ။

ကုသိုလ်မှုကို ပြုလုပ်တာကြောင့် လောကီ ၊ လောကုတ်္တရာ ကောင်းကျိုး အမျိုးမျိုးကို ခံစားရ ပါတယ် ။ ဒီအကျိုးတရားတွေဟာ ဘုရားရှင် ဟောပြော ညွှန်ပြမှုကို အကြောင်းခံပြီး လက်ရှိဘဝမှာ ခံစားကြရတဲ့ အကျိုးတရားတွေ ဖြစ်ပါတယ် ။

တမလွန်အနေနှင့် ပြောရရင် –မိဘဘိုးဘွားတွေက ရွှေ ၊ ငွေ ၊ စိန်၊ ကျောက် ၊ စတဲ့ ပစ္စည်းဥစ္စာ အမွေတွေ တစ်သက်လုံး သုံးမကုန် ဖြုန်း မကုန်အောင် ပေးနိုင်တယ် ထားဦးတော့ ၊ ဆရာသမား တွေက လောကအလယ် တင့်တင့်တယ်တယ် နေနိုင် အောင် ပညာရပ်တွေ ဘက်စုံသင်ပေးတယ်ပဲ ထားဦး တော့ ။

ဒါတွေဟာ တစ်ဘ၀ တစ်သက်စာသာ ဖြစ်ပါတယ် ။ နောင်ဘ၀ သံသရာတိုင်အောင် ဒီပစ္စည်းဥစ္စာ ၊ ဒီအသိ ပညာတွေကို တစ်ခုမှ ယူသွားလို့ မရပါဘူး ။

ဘုရားရှင်ကတော့ ဒီလိုပစ္စည်းဥစ္စာ ၊ ဒီလိုအသိပညာ တွေကို သံသရာတလျှောက် ယူသွားနိုင်တဲ့ နည်းလမ်း တွေကို ညွှန်ပြတော်မူပါတယ် ။ လိုချင်တဲ့ဘ၀ ၊ လိုချင်တဲ့ ကောင်းကျိုး အမျိုးမျိုးကို ရယူနိုင်ဖို့ နည်းလမ်းပေါင်း များစွာကို အသေးစိတ် ညွှန်ပြတော်မူပါတယ် ။

ဒီညွှန်ကြား ချက်တွေအတိုင်း လိုက်နာ ကျင့်သုံးကြသူတွေဟာ ပစ္စည်းဥစ္စာ ၊ အသိပညာတွေကို သံသရာတလျှောက် ယူဆောင် နိုင်ကြပါတယ် ။ လိုချင်တဲ့ဘ၀ ၊ လိုချင်တဲ့အကျိုးတရား တွေကို ရယူနိုင်ကြပါတယ် ။

ဒါတွေဟာ ဘုရားရှင် ဟောဖော်ညွှန်ပြမှုကို အကြောင်းခံပြီး သံသရာမှာ ခံစား ကြရတဲ့ အကျိုးတရားတွေ ဖြစ်ပါတယ် ။

ဘဝလွတ်မြောက်ရေးနှင့် ပြောရရင် သတ္တဝါတွေ ဘဝအပြစ်ကို မြင်အောင်ကြည့်တတ်ဖို့ ၊ဘ၀ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ကျင့်ကြံ အားထုတ်တတ်ဖို့ နည်းလမ်းများစွာကို ဘုရားရှင် ညွှန်ကြားတော် မူပါတယ် ။

ဒီနည်းလမ်းတွေအတိုင်း လိုက်နာကြလို့ ဘ၀၀ဋ်ဆင်းရဲမှ လွတ်မြောက်သွားကြ သူတွေ မရေမတွက်နိုင်တော့ပါဘူး ။ လက်ရှိ လိုက်နာ ကျင့်ကြံကြဆဲလည်း အများကြီးပါ ။ နောင်လည်း လိုက်နာ ကျင့်ကြံကြဦးမှာပါ ။

ဒီတော့ ယခုဘ၀ ၊ နောင်သံသရာနှင့် ဘ၀ လွတ်မြောက်ရေးအတွက်ပါ မိမိအပေါ် ကျေးဇူးအများဆုံး ပုဂ်္ဂိုလ်ကို ညွှန်ပြပါဆိုရင် ဘုရားရှင်ကိုသာ ပြရပါလိမ့် မယ်။

ဒါကြောင့် ဘုရားရှင်ဟာ သတ္တဝါတွေအတွက် ဘယ်လိုမှ နှိုင်းယှဉ်စရာမရှိတဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်ဖြစ် ပါတယ်။ ဒါက ကျေးဇူးခံပုဂ်္ဂိုလ် အားလုံးအတွက် သိမ်းကြုံး ဖော်ပြခြင်းပါ ။ သာသနာ့ဝန်ထမ်း ရှင် ရဟန်းတွေအတွက်ကတော့ ဘဝရပ်တည်မှုတစ်ခုလုံးဟာ ဘုရားရှင်ကို မှီခိုကြရတာပါ ။

တစ်ပါးတည်းအနေဖြင့် ဖြစ်စေ ၊ အဖွဲ့အစည်းတစ်ခု အနေဖြင့် ဖြစ်စေ ၊ ဘယ်လောက်ပဲ ကျောင်း အဆောက် အအုံ နေရာထိုင်ခင်း ကြီးကျယ်ပါစေ ၊ စားသောက် ဖွယ်ရာ ပြည့်စုံပါစေ ၊ အဝတ်အထည်ပေါများပါစေ ၊ ကျန်းမာရေးအတွက် ဆေးပစ္စည်း ပြည့်စုံပါစေ ၊

ဒါတွေ အားလုံးဟာ ဘုရားရှင်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ် ။ မိမိတို့ရဲ့ အတိတ်ကံ ၊ ပစ္စုပ္ပန်လုပ်ရပ် ပါသင့်သလောက်ပါပေမဲ့ ဘုရားရှင်ကို အမှီပြု ဖြစ်ပေါ် လာတာသာ ဖြစ်ပါတယ် ။

ဒီအခြေအနေကို သတိရစေ ချင်လို့ ပဌမ ရွှေကျင် ဆရာတော်ဘုရားကြီးက ““စိန် နားကပ်ရောင်ကြောင့် ပါးမှာပြောင် တပည့်မောင် တို့ မထောင်နဲ့”” လို့ အသိပေး ဆုံးမတော်မူခဲ့ပါတယ် ။

နားမှာဆင်ထားတဲ့ စိန်နားကပ်ရောင်ကြောင့် ပါး ကလေး ဖြူဖြူဝင်းဝင်း ဖြစ်နေတာကို ပါးက စိန်နားကပ်ရဲ့ ကျေးဇူးကို မမြင်ဘဲ ငါ့ဘာသာ သဘာဝအလျောက် ဖြူဖွေးဝင်းအိနေတာပါလို့ မာနမထောင်သင့်သလို ၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေလည်း နေရေး ၊ ဝတ်ရေး ၊ စားသောက်ရေးစတဲ့ အရာတွေ ပြည့်စုံပေါ များနေတာ ကိုယ့်အစွမ်းအစထင်ပြီး မာနမထောင်မိဖို့။ ဘုရားရှင်ရဲ့ ဘုန်းကံကြောင့်လို့ သိဖို့ ၊ ဘုရားကျေးဇူးကို သတိရဖို့ ဆုံးမတဲ့စကား ဖြစ်ပါတယ် ။

အသိပညာပိုင်း ၊ ကျင့်ကြံအားထုတ်ပိုင်းတွေမှာတော့ ဘုရားကျေးဇူး ကြီးမားမှုကို အထူးပြောစရာ မလိုပါဘူး ။ အားလုံး ဘုရားရှင်ကို မှီခိုအားထားကြရတာ ဖြစ်ပါတယ် ။

ဘုရားကျေးဇူးကို အခြေခံပြီး ဘဝရပ်တည် ကြရတာ ဖြစ်ပါတယ် ။ မိမိနှင့်တကွ သတ္တဝါတွေအပေါ် ဘုရားရှင်ရဲ့ ဒီလောက်များပြားတဲ့ ကျေးဇူးတရားတွေကို အနည်းဆုံး တစွန်းတစ မြင်တတ်အောင် ကြိုးစားသင့်ပါတယ် ။

တစွန်းတစ မြင်တတ်ရင်ပဲ ဘုရားရှင်ကို သတိရတိုင်း ၊ ရုပ်ပွားတော် ၊ စေတီတော်များကို တွေ့မြင်ရတိုင်း ရှိမခိုး ဦးမချဘဲ မနေနိုင် ဖြစ်လာမှာပါ ။ ရှိခိုးမ၀ ၊ ဦးချမဝဖြစ် လာမှာပါ ။ ရှိခိုးဦးချနေရတာကို ကြည်နူးမဆုံး ဖြစ်လာမှာပါ ။

တစ်ချိန်တစ်ခါက အချိန်မရလို့ ဖြစ်စေ အခြား အကြောင်းတွေကြောင့်ဖြစ်စေ ဘုရားဆီ အာရုံမရောက် ဘဲဝတ်ကျေရုံ ရှိခိုးတဲ့ အလေ့အထ ရှိကောင်းရှိနိုင်ပေမဲ့ မိမိရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်အဖြစ် တစွန်းတစ သိမြင် လာတဲ့အခါမှာတော့ ဝတ်ကျေရုံ ရှိခိုးတဲ့အကျင့် လုံး၀ ပျောက်သွားမှာပါ ။

တစ်စွန်းတစ်စထက်ပိုပြီး ဘုရား ကျေးဇူးကို သိမြင်လာလေ ပိုပြီး ရှိခိုးဦးချလို့ မဝလေ ဖြစ်လာမှာပါ ။ ဒီတော့ ဘာကြောင့် ရှိခိုးရသလဲဆိုတဲ့ အမေးကို အကျဉ်းချုပ်ဖြေရရင် လက်ရှိဘဝအရေး ၊ နောင်သံသရာ အရေးနှင့် ဘဝလွတ်မြောက်ရေးတွေမှာ ရှင်တော်ဘုရားရဲ့ ကျေးဇူးတရားတွေဟာ သတ္တဝါတွေအပေါ် များပြား လွန်းပါတယ် ။

အခြား ဘယ်လူ ၊ ဘယ်နတ် ၊ ဘယ်ဗြဟ္မာ ၊ ဘယ်လိုပုဂ်္ဂိုလ်ရဲ့ ကျေးဇူးတရားကမှ ဘုရားရှင်ရဲ့ ကျေးဇူးတရားကို မနှိုင်းယှဉ်ဝံ့အောင် ဘုရားကျေးဇူး ကြီးမားလှပါတယ် ။ ကျေးဇူးတရားနှင့် ပတ်သက်လာရင် ရှင်တော်ဘုရားဟာ သတ္တဝါတွေရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင် ဖြစ်ပါတယ် ။

ဒါကြောင့် ဘုရားရှင်ကို ရှိခိုးဦချ ကန်တော့ ကြတာ ဖြစ်ပါတယ် ။ ရှိခိုးတဲ့ အဓိပ္ပာယ်က ဘာလဲ ၊ ဘယ်လို အချက်အလက်တွေ လိုအပ်ပါသလဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလေးအနက် အမြတ် တနိုးထားတဲ့ အစိတ်အပိုင်းကို ပြပါဆိုရင် ဦးခေါင်းပိုင်း ကို ပြရပါလိမ့်မယ် ။

ဥပမာအနေဖြင့်ပြောရရင် အချင်း ချင်း နောက်ပြောင်ကြည်စယ်ကြရင်း တစ်ယောက်က အခြားတစ်ယောက်ရဲ့ ခြေ ၊ လက် ၊ ပေါင် ၊ ခါး စတဲ့ အစိတ်အပိုင်းတွေကို ကိုင်တွယ် ၊ ထိပါး ၊ ပုတ်ခတ်တဲ့ အခါ ထူးခြားတဲ့ အမူအရာကို မပြတတ်ကြပေမဲ့ ဦးခေါင်း ကို ထိလာရင်တော့ မနှစ်သက်တဲ့ အမူအရာကို ပြလာ တတ်ကြပါတယ် ။

မကြိုက်တဲ့ အမူအရာနှင့် ပြန်လည် တုံ့ပြန်တတ်ကြပါတယ် ။ အသက် ၊ သိက္ခာ ၊ ဂုဏ်ဝါကြီးသူရဲ့ ဦးခေါင်းကို ကိုင်တွယ် ထိပါးတယ် ဆိုရင်တော့ အင်မတန် မဖွယ်မရာအလုပ် ၊ ရိုင်းစိုင်းတဲ့ အပြုအမူ အဖြစ် မှတ်ယူတတ်ကြပါတယ်။

ဒါက ဘာသဘောလဲ ဆိုရင် ဦးခေါင်းဟာ သူသူငါငါအမြတ်တနိုး တန်ဖိုး ထားတဲ့အရာဖြစ်ကြောင်းပြဆိုတာ ဖြစ်ပါတယ် ။

ဒီလောက် အမြတ်တနိုး တန်ဖိုးထားတဲ့ ဦးခေါင်းကို ကြမ်းပြင် ၊ မြေပြင်ထိအောင် အောက်သို့ချပြီး ရှိခိုး ကန်တော့တယ်ဆိုတာဦးထိပ်မှာ ထားခြင်း ၊ ရိုသေ လေးစားခြင်း ၊ မြတ်နိုးခြင်း ၊ ယုံကြည်ခြင်းသဘောကို ပြဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ် ။ ဒါတွင်မကပါဘူး ။ သတ္တဝါတွေဟာ အတ္တမာနကို အလွန်ရှေ့တန်းတင်တတ်ကြပါတယ် ။

အပြုအမူ, အပြော အဆိုကစပြီး သူတစ်ပါးအပေါ် နည်းနည်းလေး အပေါ်စီး က ပြောရလုပ်ရမှ ကျေနပ်တတ်ကြပါတယ် ။ တစ်ဖက် လူကလည်း ““အတင်စီးခံရတယ်”” လို့ထင်မြင်လိုက်တာနဲ့ ““ငါ့ကို ဘာကောင်များ အောက်မေ့လဲ”” စသည် ဖြင့်မာနထောင်တတ်ကြပါတယ် ။

မာနကို ရှေ့တန်းတင်ပြီး ပြန်လည်ပြောဆို ပြုမူတတ်ကြပါတယ် ။ မာနတရားဟာ ချိုးနှိမ်ဖို့ ၊ ပယ်သတ်ဖို့ ခက်ခဲတဲ့ အရာတစ်ခုပါ ။ အပြီးတိုင်ပယ်ဖို့ဆိုတာ လောကုတ္တရာ မဂ်နှင့်မှ ဖြစ်နိုင်ပါတယ် ။

မဂ်လေးမျိုးထဲမှာ နောက်ဆုံး မဂ်တရားနှင့်သာ အပြီးတိုင် ဖျက်ဆီး ပယ်ဖျောက်နိုင် လောက်အောင် သတ္တဝါတွေရဲ့ သန္တာန်မှာ အကြီးအကျယ် အမြစ်တွယ်နေတဲ့ တရားပါ ။

ရှိခိုးဦးချတယ်ဆိုတာ ဒီလောက် အမြစ်တွယ်နေတဲ့ မာနတရားကို အတတ်နိုင် ဆုံး ချိုးနှိမ်လျှော့ချတဲ့ သဘောကိုပြဆိုတဲ့ အဓိပ္ပာယ် လည်း ဖြစ်ပါတယ် ။ ရှိခိုးတဲ့အခါ အင်္ဂါ ငါးချက်နှင့် ပြည့်စုံဖို့ လိုကြောင်း ကျန်းဂန်တွေမှာ ဖွင့်ဆိုကြပါတယ် ။

(၁) လက်ဝါးနှစ်ဖက် ၊

(၂) ခြေထောက်နှစ်ခု ၊

(၃) တံတောင်နှစ်ခု ၊

(၄) ဒူးနှစ်ခု ၊

(၅) နဖူး ၊ ဒီငါးခုဟာ ရှိခိုးသူတည်ရာအခင်း ၊ ဒါမှမဟုတ် ကြမ်းပြင်မြေကြီးမှာ ထိနေရမယ်လို့ ပြဆိုကြပါတယ် ။ ဒီအင်္ဂါရပ် ငါးချက်နှင့် ပြည့်စုံတဲ့ ရှိခိုးမှုကို ထိခြင်း ငါးပါးနှင့် ရှိခိုးမှုလို့ အလေးအနက် မိန့်ဆိုထားကြပါတယ် ။

ခုခေတ်မှာတော့ ဒီလို စနစ်တကျ ရှိခိုးနိုင်သူကို မြင်တွေ့ရဖို့ အလွန် ခဲယဉ်းပါတယ် ။ ဆရာကောင်းတွေရဲ့ အဆုံးအမနှင့် တွေ့ထိ နေထိုင်ခဲ့ရသူတွေဆီမှာသာ တွေ့ရပါတယ် ။

အရှင်နန္ဒသေနာလင်္ကာရ

(“ဘာသာရေး အနှစ်သာရများ(အပိုင်း-၁)” စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။)

credit : အပ္ပမာဒရသမဂ္ဂဇင်း

About the author

Aung Lay

Leave a Comment