ၾကားသိရသမ်ွ

တစ်ရက်တည်း စံချိန်တင် ၁၄၂၆ ဦး ကူးစက်ပြီး Covid-19 တတိယလှိုင်း ဒဏ်ခံနေရတဲ့ စင်ကာပူ အခြေအနေ

Written by Aung Lay

အလုပ်တွေ ပြန်လည်ပတ်နိုင်ဖို့ ကြိုတင်စီမံမှုတွေလိုတယ်။

🇸🇬 စင်ကာပူရဲ့ ဒီနေ့တရက်တည်း ကူးစက်သူအသစ်တွေ့မှုဟာ စံချိန်တင် 1426 ယောက်ပါ။ ဒါဟာမြန်မာပြည်အတွက် ကြုံရနိုင်ခြေတစ်ခုကို သတိထားဖို့ သံချောင်းခေါက်သံပါ။

စင်ကာပူမှာ စုစုပေါင်း တွေ့ရှိသူ 8014 ယောက်အဖြစ် အရှေ့တောင်အာရှမှာ အများဆုံးအဖြစ် ထိုးတက်သွားပါတယ်။ အဲ့ဒီအထဲမှာ စင်ကာပူနိုင်ငံသားနဲ့ PR အမြဲတမ်းနေထိုင်သူက 16 ယောက်ပဲပါပါတယ်။ ကျန်တာတွေက အဆောင်နေ အလုပ်သမားတွေပါ။

ဒီအခြေအနေဟာ ကျနော်တို့အတွက် သင်ခန်းစာကြိုယူရမယ့်အခြေအနေပါ။ ကျနော်တို့ဆီမှာ ဝန်ထမ်းတွေနေရပုံနဲ့ အခုစင်ကာပူမှာ အကြီးအကျယ်ဖြစ်နေတဲ့ အဆောင်နေအလုပ်သမားတွေ နေရပုံမှာ တူညီတဲ့အချက်တွေ ရှိနေပါတယ်။

အဓိကအချက်တွေက…

အဆောင်တွေမှာ စုပြုံနေကြရခြင်း။

ဟိုအဆောင်ကလူနဲ့ ဒီအဆောင်ကလူ ဈေးဝယ်ရင်း၊ အလုပ်လုပ်ရင်း၊ ခေတ္တတွေ့ဆုံရင်း ထိတွေ့ခြင်း။

အလုပ်ကို စုပြုံပြီး သယ်ယူပို့ဆောင်ပေးနေရခြင်း။

အဆောင်မှာ အတူတူချက်ပြုတ်ကာအသုံးအဆောင်ပစ္စည်း၊ အိမ်သာ၊ ရေခွက် စသည်တို့ မျှသုံးရခြင်း။

ရောဂါရှိနေသူက လုံးဝလက္ခဏာမပြလို့ မသိရှိနိုင်ခြင်း။

စင်ကာပူမှာက အဆောင်အလုပ်သမားတွေအများစုဟာ အဆောင်ကြီး Dormitory 43 ခုမှာ အလုပ်သမား 200000 ကျော်နေပါတယ်။ ကောင်းတဲ့အချက်က ပြင်ပကိုမကူးလွယ်တော့ပဲ အဆောင်တွေကို သပ်သပ်ထိန်းလိုက်လို့ရသွားပါတယ်။

မြန်မာပြည်မှာက အဆောင်တွေက ရပ်ကွက်အတွင်း အိမ်ရှင်တွေနဲ့ရောနေကြပါတယ်။

အခုလူတစ်ယောက်ကနေ လူထောင်နဲ့ချီပြီး လပိုင်းအတွင်းကူးစက်နိုင်ပုံကို ရှင်းပြပါမယ်။

အဆောင် A ကနေ လုပ်သား A တွေထဲမှာ တစ်ယောက်က တနေရာရာကကူးလာမယ်။ ဈေးဝယ်ရင်း၊ နယ်ကအိမ်ကိုပြန်ရင်း၊ လမ်းကနေ၊ အလုပ်ကနေ ကူးလာမယ်ဆိုပါစို့။

အဆောင် A ထဲမှာ ကူးစက်မှုတွေဖြစ်ကုန်မယ်။ အဲ့ဒီကနေ လုပ်သား A အဖွဲ့နဲ့ B အဖွဲ့နဲ့ စက်ရုံတစ်ရုံမှာ အတူလုပ်ရင်းနဲ့ကူးစက်မယ်။ ဈေးသွားရင်း အလုပ်သမားအဖွဲ့တွေဆုံမိကြပြီး ဈေးထဲရော အဆောင် B, အဆောင် C, အဆောင် D တွေကို ဆက်ကူးမယ်။ အဲ့ဒီကနေ လုပ်သားတွေကြားထဲရော သူတို့နေထိုင်ရာ ရပ်ကွက်တွေထဲကူးကုန်မယ်။ ခဏလေးနဲ့ လူတစ်ယောက်ကနေ ရာဂဏန်း အဲ့ဒီကနေ ထောင်ဂဏန်းကို ထိန်းမနိုင်သိမ်းမရပြန့်ကုန်မယ်။

စင်ကာပူမှာအခု ရုတ်တရက်တွေ့လာတဲ့ လုပ်သားထောင်ပေါင်းများစွာကို ဘယ်နေရာမှာဆေးရုံတင်ကုမလဲ ခေါင်းခြောက်ရပါပြီ။ စင်ကာပူအတွက် ဒါဟာ တတိယလှိုင်းပါ။

ပထမလှိုင်းက ဝူဟန်ကလာတဲ့တရုတ်တိုးရစ်တွေနဲ့ ပြန်လာတဲ့ စင်ကာပူကလူတွေ။ အဲ့ဒီကနေ ဘာသာရေးအခမ်းအနားက ကူးစက်မှုတွေ ပေါ်လာပါတယ်။ အဲ့ဒီပထမလှိုင်း အသာထိန်းနိုင်ပြီး ဖေဖဝါရီလဆန်းမှာ တနေ့ တစ်ယောက်စတွေ့တဲ့နေ့တွေရောက်ပြီး ကမ္ဘာက ချီးကျူးကြပါတယ်။

ဒုတိယလှိုင်းဟာ အနောက်နိုင်ငံမှာ အကြီးအကျယ်ဖြစ်လို့ပြန်လာတွေ့လူတွေနဲ့အတူပါလာပါတယ်။ အတော်ကြီးထိန်းယူနေရပြီး ပုံမှန်အခြေအနေကို ပြန်ငြိမ်လာပါတယ်။ အဲ့ဒီမှာ SAFRA Jurong မှာလုပ်တဲ့ ညစာစားပွဲကနေပြီး အတော်ကြီးကို ကူးစက်သွားပါတယ်။

တတိယလှိုင်းကတော့ ဝင်ငွေနည်းပြီး စုပြုံနေရတဲ့ အသိုင်းအဝိုင်းကို ဝင်မွှေပါတယ်။ အဆောင်လုပ်သားထုထဲ နည်းအမျိုးမျိုးနဲ့ မီးပွားကလေးစပါတယ်။ ရောဂါလက္ခဏာမပြလို့ ဘယ်သူမှမသိကြရာက တောမီးလောင်ပါတော့တယ်။

စင်ကာပူမှာ ပထမဆုံးကူးစက်မှုက ဇန်နဝါရီ 23 မှာစပါတယ်။ 1 ဂဏန်းလေးစပါပြီ။

ဖေဖော်ဝါရီ 29 မှာ 102 ပါ။ မတ်လဆန်းမှာ အခုကျနော်တို့ရောက်နေတဲ့ 111 ယောက်လောက်ကိုပဲ ရောက်ပါသေးတယ်။

ဧပြီ 1 ရက်နေ့မှာ 1000 ကို စထိပါပြီ။ အခု ဧပြီ 20 မှာ 10000 ပြည့်ပါတော့မယ်။ တစ်လကို နောက်ကနေ သုညတစ်လုံးမတိုးဖို့ ဆုတောင်းနေရပါတယ်။

စင်ကာပူမှာ နောက်တစ်လမှာ 100000 မဖြစ်သွားအောင် အစိုးရက မြန်မြန် အုပ်လိုက်နိုင်ပါတယ်။

မြန်မာပြည်မှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် အခြေအနေအတော်ရှုပ်ထွေးပြီး အင်မတန်ကြောက်ဖို့ကောင်းလှတဲ့ နောက်ကနေတိုးမယ့် သုညကို ထိန်းနိုင်ဖို့မလွယ်ပါ။

စင်ကာပူအစိုးရက အဆောင်တွေကို ပိတ်ချတယ်။ စင်ကာပူအိမ်တေ FDW အိမ်အကူတွေကို လုံးဝပေးမထွက်တော့ပါ။ စင်ကာပူမှာ ဘင်္ဂလား၊ အိန္ဒိယက အမျိုးသားလုပ်သားတွေနဲ့ ဖိလစ်ပိုင်က အမျိုးသမီး FDW တွေက တနင်္ဂနွေနေ့တိုင်း အကြီးအကျယ်ထိတွေ့မှုရှိပါတယ်။ အကယ်လို့သာ ကူးလိုက်လို့ကတော့ စင်ကာပူက အိမ်ပေါင်းများစွာမှာ ကူးစက်သွားပြီး ဘယ်လိုမှ ထိန်းလို့သိမ်းလို့မနိုင်ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် စင်ကာပူအစိုးရက တစ်ကွက်ကြိုတွက်ပြီး FDW တွေကို အိမ်အပြင်ထွက်ခွင့် အမြန်ပိတ်လိုက်တာပါ။ အပြင်ထွက်လို့တော့ရတယ်။ မဖြစ်မနေမှထွက်လို့ရမယ်။

ကျနော်သတိပေးချင်တာက…

-တာဝန်ရှိသူတွေ တစ်ကွက်ကြိုတွေးကြပါ။ စင်ကာပူမှာ အစိုးရက FDW အိမ်အကူတွေကို တစ်ကွက်ကြိုတွေးပြီး အမြန်ပိတ်မိတာ ကံကောင်းသွားပါတယ်။ နို့မို့ရင် 100000 ကို တစ်လအတွင်းဖြစ်သွားနိုင်ပါတယ်။

-ဗိုင်းရပ်စ်ထက်အရင် ရှေ့ကတစ်ကွက်ကြိုပြေးပါ။ ရန်သူ့နောက်က ခြေတလှမ်းနောက်ကျပြီး ရန်သူ့အကွက်လိုက်ရွှေ့တဲ့ စစ်ပွဲဟာ အကျအဆုံးအလွန်များစေပါတယ်။

-စင်ကာပူကိုကြည့်ပါ contact tracing နဲ့ ခြေရာခံလိုက်ခြင်းက အစပိုင်းအလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနည်းဗျုဟာပြောင်းတိုက်ဖို့ မီးနီပြနေပါပြီ။

-နိုင်ငံတိုင်းဟာအခြေအနေမတူတာမို့ ကိုယ်နဲ့ကိုက်မယ့် နည်းဗျုဟာကို #ကြိုတင်ဖော်ယူရပါမယ်။

-စင်ကာပူဟာ အလုပ်သမားကဏ္ဍကို အသေအချာဦးစားပေးပြီး ထည့်သွင်းစဉ်းစားဖို့ကျန်ခဲ့လို့ ခံလိုက်ရတာပါ။

-တိုင်းပြည်စီးပွားရေးပြန်လည်ပတ်ဖို့က အလုပ်သမားတွေ ကျန်းမာနေမှ ဖြစ်ပါမယ်။

-အလုပ်သွားအလုပ်ပြန် Bus ကားပေါ်မှာ မကူးစက်အောင် တစ်ခုခု ကြိုစီစဉ် ရပါတော့မယ်။

-Plan B ကိုတွေးတတ်အောင်ကျင့်ပါ။ အာရှတိုက်သားတွေဟာ Plan B လို့ပြောရင် Plan A ပေါ်ယုံကြည်မှုမရှိလို့လို့ တွေးကြပါတယ်။ အချိန်မရွေးမထင်တဲ့အကွက်က ဝင်ဆော်နိုင်တာကို သတိရကြပါ။

-အခြေအနေဟာ အမြဲပြောင်းနေနိုင်တာကို ကြိုတွက်ပြီး Plan B ကိုပြင်ထားက အခြေအနေပြောင်းတာနဲ့ လက်ဦးမှုယူကို ကြိုယူကြပါ။

-ဂျပန်တောင် အရင် Plan တွေအလုပ်မဖြစ်တော့တာပြနေပါပြီ။ အခုအချိန်က 100 ကျော်ရုံလေးပါ။ ထောင်ဂဏန်းကပ်တာနဲ့ ဘာမှလိုက်လုပ်လို့မမှီနိုင်ပါ။

-နောက်ဆုံးမှာချင်တာက ကိုယ့်ဟာကိုယ် အားလုံးပြည့်စုံတယ်လို့ ပြောနေခြင်းဟာ ပိုပြီးကြောက်စရာကောင်းပါတယ်။

OVID-19 အတွက် ဘယ်ကျန်းမာရေးစနစ်ကမှ ပြီးပြည့်စုံတယ်လို့မရှိကြောင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့အခြေအနေက သက်သေပြနေပါတယ်။ သင်ခန်းစာယူတတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။

Richard Myo Thant

20-April-2020

About the author

Aung Lay

Leave a Comment