News

လူသေ ကို မကြောက် လူရှင် ကို ကြောက် သည့် အမျိုးသမီး သုဘရာဇာ “မကြည်ကြည်ဝင်း”

Written by Aung Lay

လူသေ ကို မကြောက် လူရှင် ကို ကြောက် သည့် အမျိုးသမီး သုဘရာဇာ “မကြည်ကြည်ဝင်း”

ပခုက္ကူ၏ ဇန်နဝါရီလ လယ် ဆောင်းတွင်း နေ့လယ် သည် အအေးဓာတ် ကောင်းကောင်း မပြယ်သေး။ ပခုက္ကူ-မြိုင်လမ်းမ၏ အရှေ့ဘက် မြေနီလမ်းကလေးတစ်ခု၏ အတွင်းဘက်ခပ်ကျကျတွင် သုံးမိုင်ကုန်း သုသာန်ရှိသည်။ သုသာန်သည် လူသူကင်းရှင်း၍ ကျေးငှက်သံတို့မှ တစ်ပါး အရာအားလုံး တိတ်ဆိတ်ငြိမ် သက်နေသည်။

ထိုအဝန်းအဝိုင်း ထဲတွင် သွပ်မိုးထရံကာ အိမ်ကလေး တစ်လုံး ရှိနေလေသည်။ ထိုအိမ်ကလေးတွင် မကြည်ကြည်ဝင်းတို့ မိသားစုနေထိုင်ပါသည်။မကြည်ကြည်ဝင်းတို့ အိမ် တံခါးမကြီးနှင့် မျက်နှာချင်းဆိုင်၊ အိမ်ကလေး၏ အနောက်ဘက်မှာ တော့ ဇရပ်ကြီးတစ်ခုရှိသည်။ ထို ဇရပ်မှာ နာရေးတွေ သရဏဂုံ တင်ကြသည်။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

ဇရပ်ဘေးမှာ အုတ်ကန်လေး တစ်ခုရှိပြီး ထိုအုတ်ကန် ထဲတွင် သံအခေါင်းကြီး တစ်ခု ထည့်ထားသည်။ ဇရပ်၏ တစ်ဖက်တွင်တော့ မီးခိုးခေါင်းတိုင်တွေ ထိုးထိုးထောင်ထောင်ဖြင့် မီးသင်္ဂြိုဟ်စက်နှစ်လုံး။ အိမ်ကလေး၏ တောင်ဘက်၊ အရှေ့ဘက်၊ မြောက်ဘက်တွေ မှာတော့ ပတ် ပတ်လည် အုတ်ဂူများ… ။

မကြည်ကြည်ဝင်းတို့ မိသား စု၏ နေအိမ်ဝန်းကျင် သည် အများအတွက်တော့ ထူးဆန်းနေလိမ့် မည်။ သူတို့အတွက်တော့ မထူး ဆန်းတော့။ ပခုက္ကူသုသာန်သည် မကြည်ကြည်ဝင်းတို့ဘဝ။ မကြည်ကြည်ဝင်းက ဒီသုသာန်မှာ ဘုရင် ဖြစ်သည်။ ဟုတ်သည်။ သူ့အလုပ် အမည်နာမ မှာကိုက ဘုရင်လို့ အတိအလင်း ဖွင့်ဆိုပြီးသား။ နာ မည်လေးကတော့ အတော်လှ သည်။ ဘာတဲ့ သုဘရာဇာတဲ့။

အရပ်အမောင်း ငါးပေငါး လက်မခန့်၊ မျက်လုံး၊ မျက်ခုံး ကောင်းကောင်း၊ အသားအရေ ခပ်လတ်လတ်ဖြင့် ရှင်မတောင် သနပ်ခါး အစစ်လိမ်းထားသော ရုပ်ရည်အတော်အသင့် သန့်ပြန့်သည့် အသက်(၄၃)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို သုဘရာဇာ လုပ်သည်ဟု မည်သူက ထင်မည်နည်း။ မကြည်ကြည်ဝင်း လည်း ကိုယ့်ကိုယ်ကိုယ် သုဘရာ ဇာတစ်ယောက် ဖြစ်လာ မည်ဟု မထင်ခဲ့ပါ။ တွေးလည်း မတွေးခဲ့ ဖူးပါ။ သို့သော် ကံဇာတ်ဆရာ ညွှန်ကြားလာတော့လည်း မကချင်ဘူးငြင်းနေလို့မရ။ စိတ်ပါပါ၊ မပါပါအသုံးတော်ခံ ကပြရသည်ကိုက ဘဝမဟုတ်လား။

မကြည်ကြည်ဝင်းက ပခုက္ကူ နှင့် သိပ်မဝေးသည့် ရေစကြိုနယ် ကဖြစ်သည်။ ရေစကြိုမှာ ဈေး ရောင်းရင်း ပခုက္ကူသားတစ် ယောက်နှင့် ရည်ငံမိသည်။ နှစ် ယောက်သား အကြောင်းပါတော့ ရေစကြိုမှာ နေလိုက်သေးသည်။ သို့သော် စီးပွားရေးက သိပ်အဆင် မပြေ။ ရေစကြိုကနေ ပခုက္ကူကို ဟိုကူးလိုက် ဒီကူးလိုက်။ သား သမီးတွေ လည်း တစ်ယောက်ပြီး တစ်ယောက်ရသည်။ သားသမီး ငါးယောက်ရပြီးတော့ ပခုက္ကူမှာ ပြန်အခြေချသည်။ အမျိုးသားက စည်ပင်သာယာမှာ အလုပ်ဝင် လျှောက်သည်။ ရသည်။ သို့သော် သူ တာဝန် ကျသည့် နေရာက ပခုက္ကူသုသာန်တဲ့။

မကြည်ကြည်ဝင်း အမျိုး သား၏ အလုပ်နေရာကို လိုက် မနေချင်။ နေ လည်းမနေရဲ။ တစ် သက်နဲ့တစ်ကိုယ် သင်္ချိုင်းမြေ မှာ နေရဖို့ စိတ်တောင်ကူးဖူး တာမဟုတ်။ မျိုးထဲရိုးထဲလည်း သုသာန်မှာ အလုပ်လုပ်ဖူးသူမရှိ။ ပထမတော့ သူနဲ့အတူ လိုက်မနေ ဘူး။ သို့သော် အေးအတူပူအမျှ နေနိုင်မှသာ မိသားစု လို့ခေါ်ဆို နိုင်တာမဟုတ်လား။ နောက်ဆုံး တော့ မကြည်ကြည်ဝင်း တစ် ယောက် ကလေးတွေကို လက်ဆွဲ ပြီးတော့သာ သုသာန်ထဲက အိမ် ကလေးဆီ ပြောင်းရွှေ့လို့လာခဲ့ရ တော့သည်။

မကြည်ကြည်ဝင်းတို့ မိသား စုတွေ ဒီသုသာန်ထဲ စရောက်ခါစ က အိမ်ကလေးက ခုလိုမကျယ် သေး။ နောက်ပြီး ခု လို လျှပ်စစ်မီး လည်းမရသေး။ မကြည်ကြည်ဝင်းက ထမင်းဟင်းတွေကို စောစော ချက်ပြုတ်ထားပြီး ညနေ ၄ နာရီ လောက်ဆို မိသားစု စောစောစီး စီး ထမင်းစားကြသည်။ သုသာန် မြေထဲတွင် မကောင်းဆိုးဝါးတွေ နေလေ့ရှိပြီး ထမင်းဟင်းတွေ လု စားတတ်သည်ဟု ကြားဖူးထား ၍ဖြစ်သည်။ မမြင်ရသည့် နာနာ ဘာဝတွေကို ကြောက်လန့်ပြီး စောစောစီးစီး စားထားကြခြင်း ဖြစ်သည်။

ထမင်းစားပြီးတော့ တဖြည်းဖြည်း နေစောင်း လာသည်။ သုသာန် သည်လည်း နာရေးချချိန်မှ လွဲ၍ ဘာဆိုဘာသံမျှမကြားရ။ ကျေးငှက်သံလေးတွေသာ စိုးစီစိုးစီကြားရသည်။ ငှက်တွေ အိပ်တန်းပြန်ချေပြီ။ နေမင်းလည်း ဝင်သွားလေပြီ။ သုသာန်မြေမှာ အမှောင်ထုက ချင်းနင်းဝင်ရောက်လာခဲ့သည်။ ညရောက်သွားလေပြီ။

ဖယောင်းတိုင်လေးကို ထွန်းကာ မိသားစု ကုပ်နေကြသည်။ ဖယောင်းတိုင်ဖိုး ကလည်း သိပ်မတတ်နိုင်သဖြင့် စောစောစီးစီး အိပ်ရာဝင်ကြသည်။ ကလေးတွေကတော့ ကြောက်လွန်း၍ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်ကာ အိပ်ကြသည်။ မကြည်ကြည်ဝင်းနှင့် ကလေးတွေ ကြောက်မည်ဆိုလည်း ကြောက်စရာ။ အိမ်ပတ် ပတ်လည်မှာ သရဏဂုံတင်သည့် ဇရပ်၊ မီးသင်္ဂြိုဟ်စက်နှင့် မြေပုံ တွေ၊ အုတ်ဂူတွေက ဝိုင်းနေသည် လေ။

ထိုသို့နေလာခဲ့ရင်း တစ်လ ခွဲ၊ နှစ်လခန့်ကြာတော့ မကြည် ကြည်ဝင်းတို့ မိသားစုတွေ အသားကျ လာခဲ့သည်။ သုသာန်မြေသာ ဆိုသော်လည်း ဇာတ်ကားတွေထဲ ကလို ခြောက်တာ၊ လှန့်တာတွေ မကြုံရ။ မကြည်ကြည်ဝင်းက လည်း နံနက်ခင်း ၄၊ ၅ နာရီ လောက်ထကာ ဘုရားစင်သန့်ရှင်းရေး လုပ်၊ ဘုရားပန်းလဲ၊ ဆွမ်းကပ် ပြီး အမျှအတန်းဝေလေ့ရှိသည်။ နောက်ပြီး သုသာန်မှာ တရားလာ ထိုင်သည့် သံဃာတော်တစ်ပါးက လည်း မိန့်ဖူးသည်။ ‘‘ဒကာမကြီး လူသေတွေကို မကြောက်နဲ့။ လူ ရှင်တွေကိုသာ ကြောက်’’တဲ့။

ထို့နောက်မှာတော့ မကြည် ကြည်ဝင်းတစ်ယောက် တဖြည်း ဖြည်း နားလည် လာခဲ့သည်။ သုသာန်မြေဆိုတာ ကြောက်စရာ လို့ သူ မမြင်မိတော့။ သူတင် မဟုတ်။ သူ့သားသမီးတွေက လည်း သူတို့နေရသည့် သင်္ချိုင်း မြေအပေါ် အကြောက်အလန့်မရှိ တော့။ ထိုမျှမက လူပျိုပေါက်အ ရွယ် သားကြီးနှစ်ယောက် ဆိုလျှင် နံနက် ၅ နာရီထိုးလျှင် ဖအေနှင့် အတူ အိပ်ရာမှထပြီး မနေ့က ကြို တင်စာရင်းပေးထားသည့် နာရေး တွေအတွက် မြေချဖို့ ကျင်းတွေ ကူတူးပေးကြသည်။

အတော် လေးနေမြင့်လို့ ကျင်းတူးသည့် ကိစ္စပြီးပြီဆိုမှ ရေမိုးချိုး နံနက်စာ စားကာ ကျောင်းသွားကြသည်။ မကြည်ကြည်ဝင်းကလည်း အိမ် မှုကိစ္စတင်မက သူတို့လိုအပ်ရာ တွေ ဝိုင်းကူသည်။ တစ်ရက်မှာတော့ ရေနံမှော် တစ်ခု မီးလောင်ပြီး အလောင်း တွေ အတော်များများ ရောက်လာ ခဲ့သည်။ မီးသင်္ဂြိုဟ်စက်မှာလည်း မနိုင်တော့။

မကြည်ကြည်ဝင်း လည်း ဝင်ကူရတော့ သည်။ ထို့ နောက်ပိုင်း မှာတော့ မကြည် ကြည်ဝင်းလည်း ယောကျ်ားနှင့် အတူ မြေကျင်းတူး၊ မီးသင်္ဂြိုဟ် စက်ကိုင်သည့်အလုပ်တွေပါ ဝင် လုပ်ဖြစ်တော့သည်။

ခြောက်ယောက်မြောက် အ ငယ်ဆုံးသားလေး မွေးပြီး သိပ် မကြာမီမှာ သူ့အမျိုးသား ကျန်း မာရေးတွေ ချို့ယွင်းလာ ခဲ့သည်။ ဆေးရုံ တင်ရသည်။ မကြည်ကြည် ဝင်းနှင့် သားသမီးတွေ ဆေးရုံပြေး လိုက်၊ သင်္ချိုင်းပြေးလိုက်ဖြင့် အ လုပ်တွေများရသည်။ နောက်ဆုံး တော့ ဆေးရုံပြေးရန်မလိုတော့ သည့်အကြောင်း ဖန်လာသည်။ သူ့အမျိုးသား ကွယ်လွန်သွားလေ ပြီ။

သူ့ယောကျာ်းဆုံးတော့ မကြည်ကြည်ဝင်း အားတော့အတော် လေးလျော့သွားသည်။ သားသမီး ခြောက်ယောက်နှင့် မုဆိုးမတစ် ယောက် ဘဝခရီး ဘယ်လိုရှေ့ ဆက်ရမလဲ။ သူ့ယောကျ်ားနာရေးကိစ္စ သားသမီးခြောက်ယောက် နှင့်အတူ ပြင်ဆင်ကြသည်။ မိုး တွေ၊ လေတွေလည်း လာလိုက် သေးသည်။ သားနှစ်ယောက်က ဖအေ့အလောင်း မြေမြှုပ်ဖို့ ကျင်း တူးရင်း မျက်ရည်တွေ ကျနေကြ သည်။

မကြည်ကြည်ဝင်းကတော့ မငို မိ။ သူငိုလျှင် သားသမီးတွေ ပိုပြီး အားငယ်ပေလိမ့်မည်။ သား နှစ်ယောက်က သူတို့အဖေ ရုပ်အ လောင်းအား ဆီးပင်လေးတစ်ပင် အောက်မှာ သီးသန့်လေးမြေမြှုပ် ပေးသည်။ အမှတ်တရအုတ်ဂူ လုပ်ချင်သော်လည်း အုတ်ဂူလုပ် လျှင် သိန်းချီကုန်မည်ဖြစ်၍ မလုပ်ဖြစ်။

ယောကျ်ားဆုံးပြီးတော့ မကြည်ကြည်ဝင်း ရေစကြိုပြန်ဖို့ စဉ်းစားသေးသည်။ ရွာက အမျိုး တွေကလည်း ခေါ်သည်။ ရွာမှာ တင်နေ၊ ဈေးရောင်း၊ လိုတာဝိုင်းကူမယ်ဟု။ သို့သော် မကြည်ကြည် ဝင်း ပြန်စဉ်းစားသည်။ ဒီသုဘရာ ဇာအလုပ်က အများအမြင်သာ တစ်မျိုးဖြစ်တာ တကယ်တမ်းကျ ကုသိုလ်တော င်ရသေးသည်။ နာ ရေးရှင်တွေ သောကတွေများနေ ချိန် တတ်နိုင်သလောက် ဝင်ကူ ပေးရသည်ဟု ယူဆ၍ဖြစ်သည်။

ပြီးတော့ လူသေတွေကို သူ မကြောက်တတ်တော့။ နောက် ဆုံးတော့ မကြည်ကြည်ဝင်း ရေ စကြို မပြန်ဖြစ်တော့ပါ။ သူ့ ယောကျ်ား၏ အလုပ်ကို လက်လွှဲ ယူလိုက်ကာ သုဘရာဇာအမည် ကို ခံယူလိုက်ပါတော့သည်။

တစ်ရက်တစ်ရက် လာလိုက်တဲ့ လူသေအလောင်းတွေကို ကြည့်ရင်း မကြည်ကြည်ဝင်း သံ ဝေဂတွေရသည်။ ဖြစ်စဉ်တွေက လည်း အမျိုးစုံ၊ အရွယ်စုံ။ ကြိုးဆွဲ ချလို့၊ ဓားနဲ့အထိုးခံရလို့၊ အက် ဆီးဒင့်ဖြစ်လို့ စသဖြင့် အကြောင်းအရာပေါင်းစုံသည်။ မွေးကင်းစ ကလေး အလောင်းတွေ ကတော့ ကျောပူအောင် မထားရဘူးဆို သည့် အယူအဆကြောင့် ညကြီး အချိန်မတော် လာချတာတွေ လည်း ရှိသည်။ ထိုအခါကျ ညဉ့် နက်သန်းခေါင် ကျင်းထတူးပြီး မြှုပ်ပေးရသည်။

မကြည်ကြည်ဝင်းက ဘေး ဝန်းကျင်ကို အမျှအတန်းပေးဝေ လေ့ရှိ၍ သူ့အလုပ်ကို အနှောင့် အယှက်ပေးတာမျိုးတွေ မကြုံရ။ သားတွေကလည်း ဖအေကြီးဆုံး သွားတော့ အငယ်တွေကိုငဲ့ပြီး ကိုးတန်းတွေ၊ ခြောက်တန်းတွေ ရောက်ခါမှ ကျောင်းထွက်ကာ အမေ့ကို ကူတော့သည်။ သား သမီးခြောက်ယောက် စားဝတ်နေ ရေးအတွက် မကြည်ကြည်ဝင်း တစ်ယောက် သုဘရာဇာအလုပ် တင်မက အုတ်ပါဖုတ်သည်။ အုတ်ဂူလုပ်ချင်လျှင် ပြန်ရောင်း သည်။ အလုပ်အားလျှင် အားသ လို အခြားကြားပေါက်အလုပ်တွေ ပါလုပ်တော့ သားသမီးခြောက် ယောက်နှင့် မုဆိုးမ မကြည်ကြည် ဝင်း အသက်ရှူချောင်ရသည်။

မကြည်ကြည်ဝင်း သုဘရာ ဇာအလုပ် ကိုလုပ်၍ ပခုက္ကူက ဖယ်လား၊ ကြဉ်လား မလုပ်ခဲ့ပါ။ ရပ်ကွက်ထဲမှာ အလှူမင်္ဂလာ ဆောင်တို့များရှိလျှင် သူ့ကို အများတန်းတူဖိတ်ကြားသည်။ သွား၍လာ၍ သူက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလျှင်တောင် ‘ကြည်ကြည်ဝင်းရယ် လာစမ်းပါအေ’ဟုဆိုကာ လက်တွဲချိတ်ကာ ခေါ်သူတွေရှိ သည်။ ဘော်ဒါတက်နေ သည့် သမီးကလေးကတော့ အရွယ် လေးရလာ၍ ရှက်ချင်ချင်။ မကြည်ကြည်ဝင်း ရှင်းပြရသည်။ အမေတို့က သူများဥစ္စာ ခိုးဝှက်စားတာမဟုတ်။ ထို့ကြောင့် ဘာမျှရှက်ရန်မလို။ ခိုးစားသူတွေသာ ရှက်ရမှာဟု။

အချိန်ကာလတွေ တဖြည်း ဖြည်း ကုန်ဆုံးလာခဲ့လေပြီ။ မကြည်ကြည်ဝင်း ယောကျ်ားဆုံး တာတောင် ရှစ်နှစ်ကျော် ခဲ့ပြီ။ မကြည်ကြည်ဝင်း သားအကြီးနှစ် ယောက်လည်း အိမ်ထောင်တွေ ကိုယ်စီကျသွားခဲ့ကြသည်။ သမီး နှစ်ယောက်က ဆယ်တန်းနှင့် ခုနစ် တန်း၊ သားလတ်လေးကတော့ သူ့အလုပ်နှင့်သူ။ အငယ်ဆုံးသား လေးတောင် သုံးတန်းကျောင်း သားကြီးဖြစ်နေလေပြီ။ သားတွေ၊ သမီးတွေက သူတို့အမေ မုဆိုးမ သုဘရာဇာကြီး ကို သိပ်ချစ်ကြ သည်။ အိမ်ထောင်ကျပြီးသည့် သားနှစ်ယောက်ကလည်း အား လျှင်အားသလို အမေ့အလုပ် ဝင် ကူကြသည်။ မကြည်ကြည်ဝင်း ကျေနပ်ရပါသည်။

သူများမလုပ်သည့် သုဘရာ ဇာအလုပ်ကိုလုပ်ရင်း မကြည် ကြည်ဝင်း လူတွေ အကြောင်းကို ပိုလို့သိ လာခဲ့သည်။ ရှိတုန်းက ဂရုမစိုက်ဘဲ သေမှ၊ မြေကျင်းထဲ ရောက်ပြီဆိုမှ ကျူကျူပါအောင်ငို၊ လိုက်သေပါမယ် တကဲကဲလုပ်သူတွေလည်း တွေ့ရသည်။ မကြည်ကြည်ဝင်း သက်ပြင်းကို သာ အခါခါချမိပါသည်။

ဆီးပင်အောက်မှာတော့ သူ့ အမျိုးသား ရုပ် အလောင်းမြေပုံ လေးရှိသည်။ ပိုက်ဆံလေးအဆင် ပြေရင်တော့ ထိုနေရာမှာ သံဃာ တော်တွေ တရားထိုင်လို့ရအောင် သမံတလင်းလေးခင်းဖို့ သူ စဉ်း စားထားသည်။ တစ်ရက်တော့ အ ကောင်အထည် ဖော်ဖြစ်ပါလိမ့် မည်။ အကောင်အထည်မပေါ် စရာလည်း အကြောင်းမရှိ။ ဘာ လို့ဆို သူ ဒီသုသာန်ကနေ ထွက် သွား ဖို့ ဘယ်တော့မှ စဉ်းစား မထား။ ထီပေါက် လည်း လုပ်နေ ဦးမည်။ မကြည်ကြည်ဝင်း လူသေတွေကို မကြောက်တော့ပါ။ လူ ရှင်တွေကိုသာ… ။ ။

About the author

Aung Lay

Leave a Comment