News

မော်လမြိုင်မြို့ရှိ အအေးခန်းစက်ရုံဝန်ထမ်း ၇၀ ဦးမှာ ကိုဗစ်တွေ့၊ ထိတွေ့မိသူ ၃၀၀ကျော် ကွာရန်တင်းဝင်ရပြီ

Written by Aung Lay







Unicode

မော်လမြိုင်မြို့ရှိ အ အေးခန်းစက်ရုံဝန်ထမ်း ၇၀ ဦးမှာ ကိုဗစ် တွေ့၊ ထိတွေ့မိသူ ၃၀၀ကျော် ကွာရန်တင်းဝင်ရပြီ

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုဟာ လက်ရှိအချိန်ထိ လျော့ကျသွားခြင်းမရှိသေးပဲ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်အေးဆိုတဲ့ အအေးခန်းစက်ရုံ တစ်ခုမှာ စက်ရုံဝန်ထမ်း (၇၀)ဦးမှာ ကိုဗစ်ပိုးတွေ့ပြီး အနီးကပ်ထိတွေ့ခဲ့သူ (၃၀၀)ကျော်ကို Q Center သို့ ပို့ဆောင်ထားရကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရပါတယ်။

အဆိုပါ အတည်ပြုလူနာတွေဟာ မုတ္တမ မှ (၁၅)ဦး၊ မော်လမြိုင် မှ (၅၂)ဦး ပါဝင်ပြီး၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးနှင့် မြေနီကုန်း တိုးချဲ့ဆောင်များတွင် ဆေးကုသမှု ပြုလုပ်ပေးလျက်ရှိတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

လက်ရှိမှာ ကိုဗစ် ရောဂါပိုး ထပ်မံတွေ့ရှိရတဲ့ စက်ရုံဝန်ထမ်းတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၃၀၀လောက်ကို (၁၀) မြို့နယ်ဆောင်တွင် ထားရှိပြီး ဓါတ်ခွဲနမူနာရယူထားတယ်လို့ သိရပါတယ်။

သံလွင်အေး ငါးအအေးခန်းစက်ရုံက အအေးခန်းတွေဟာ အလုံခန်းဖြစ်တဲ့အပြင် ငါးရွေး ငါးဆေး လုပ်ငန်းခွင်တွင် အဖွဲ့လိုက် လုပ်ကိုင်ရတာဖြစ်ပြီး အဲ့ဒီစက်ရုံမှာ ပထမဆုံး ကိုဗစ် ရောဂါပိုးတွေ့ ရှိရသူဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်တယ်လို့သိရပါတယ်။ အအေးခန်းထဲကသူ့လုပ်ငန်းခွင်မှာ အနံ့ မရရှိလို့ အောက်တိုဘာလ(၁၅)ရက်မှာ ဆေးခန်းပြသပြီး၊ ဖျားနာကုဆေးခန်း၌ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာမှ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ အောက်တိုဘာလ (၁၉)ရက် နံနက်ပိုင်းအထိ ကိုဗစ် အတည်ပြုလူနာ (၅၁၁)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၃၄)ဦး၊ ကိုဗစ် ရောဂါ အပါအဝင် အခြားရောဂါအခံရှိခြင်းကြာင့် သေဆုံးသူ (၉)ဦး ရှိကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်

Credit

About the author

Aung Lay

Leave a Comment