News

စုပ်ခွက်ငါးတွေ မြစ်ထဲလွှတ်လိုက်လို့ ကယက်ထနေတဲ့ ကိစ္စ နှင့် နားလည်မှုလွဲနေတဲ့ အကြောင်းအရင်း

Written by Aung Lay

စုပ်ခွက်ငါးတွေ မြစ်ထဲလွှတ်လိုက်လို့ ကယက်ထနေတဲ့ ကိစ္စ နှင့် နားလည်မှုလွဲနေတဲ့ အကြောင်းအရင်း

မနေ့ကထဲက ကယက်ထနေတဲ့ ‌စုပ်ခွက်ငါး (ခေါ်) မြွေပွေးငါးခူတွေကို မြစ်ထဲလွှတ်မိတဲ့ ကိစ္စအပေါ် လူ (အနည်းစု) တွေ ဝိုင်းပြောနေကြတာမြင်တော့ မနေနိုင်တော့ ဝင်ရေးရဦးမယ်..

မူရင်းပို့စ့်မှာရေးထားတဲ့အတိုင်းပြောရရင် ဧရာဝတီမြစ်ရေတက်ချိန် ဘေးနားက မြေနိမ့်တဲ့လျှိုတွေထဲ မြစ်ရေတွေနဲ့အတူ ငါးတွေ ပုဇွန် အကုန်ဝင်လာမှာပဲ ၊ ခုချိန် မိုးကုန်ပြီးရေကျချိန်‌ရောက်တော့ ရေဝင်နေရာတွေလဲရေခမ်းပြီး ငါးတွေပေါ်လာတော့ အနီးအနားကလူတွေ လာဝိုင်းဖမ်းကြ ၊ သတ်ကြနဲ့ဆိုတော့..

အခု ငါးတွေလွှတ်ပေးတဲ့ ဘုန်းဘုန်းက အသတ်ခံရတဲ့ငါးတွေပေါ်သနားပြီး ကျန်ခဲ့တဲ့ စုပ်ခွက်ငါး (မြွေပွေးငါးခူ) တွေကို လိုက်ကယ်ပြီး အန္တရာယ်ကင်းရာ မြစ်ထဲပြန်လွှတ်ပေးလိုက်တယ် ။ ဒါကို ဘုန်းဘုန်းက အသက်ကယ်တဲ့ ကုသိုလ်လုပ်တာကို ကျန်သူတွေလဲ အတူရပါစေဆိုပြီး ဖေ့စဘွတ်ပေါ် တင်လိုက်တယ် ။

ဒါပေမဲ့ ဇာတ်လမ်းကစပြီ..

ပို့စ်ရဲ့အောက်မှာ ဟာ.. အဲ့ငါးတွေက ပတ်ဝန်းကျင်ပျက်စီးတယ် ၊ သဘာဝတရားကိုထိခိုက်တယ် ၊ မလွှတ်သင့်ဘူး မလုပ်သင့်ဘူး ၊ ဘာညာနဲ့ ဝိုင်းပြီးကန့်ကွက်ကြ ၊ ဖိနှိပ်ကြနဲ့ ဘုန်းဘုန်းကိုအပြစ်ဆိုကြတယ်ပေါ့..

ဒါပေမဲ့ ကျွန်တော်တို့တွေ ဒီကိစ္စကို သေချာပြန်စဉ်းစားကြည့်ရအောင်..

ဘုန်းဘုန်းက ခုလွှတ်ပေးတဲ့ငါးတွေကို ကိုယ်တိုင်မွေးထားတာလဲမဟုတ်ဘူး ၊ ခုငါးတွေက ဘယ်လိုဆိုးကျိုး ပေးတယ်ဆိုတာလဲမသိဘူး ။ ကောင်းမှုကုသိုလ်လုပ်ဖို့ သာသနာ့ဘောင်ထဲမှာနေသူဆိုတော့ ပတ်ဝန်းကျင်ကိုထိခိုက်ပါစေဆိုတဲ့ ရည်ရွယ်ချက်လဲမရှိမှာအမှန်ပဲ ။

သူ့စိတ်ထဲမှာ သတ္တဝါတွေကို ကယ်ချင်တဲ့စိတ်နဲ့ပဲလွှတ်ပေးခဲ့တယ် ၊ တခြားဘာအကြောင်းမှမပါဘူး ။ ဒါက ဘုန်းဘုန်းမလို့ ကာကွယ်ပြီးရေးပေးတာမဟုတ်ဘူးနော်..

ခု အဲ့ဒီ စုပ်ခွက်ငါးတွေက ဒီလောက်ထိ အချိန်တိုခဏအတွင်းမှာ အကောင်ရေ ထောင်ချီ ရလောက်အောင် မိတယ်ဆိုတာက အစကထဲက မြစ်ထဲမှာ တော်တော်များများ ပွားနေပြီးလို့ပဲ မြစ်ရေတက်ချိန်နဲ့အတူ ရောဝင်လာတာဖြစ်နိုင်တယ် ။ တကယ်လို့ ပြောခဲ့သလို မြစ်ထဲမှာသာ တော်တော်များများပွားနေပြီဆို ကျွန်တော်တို့ မြန်မာနိုင်ငံကြီးရဲ့ ရေအောက်သယံဇာတတွေအကုန်နီးပါး ဆယ်စုနှစ် တစ်ခုအတွင်းမှာ လုံးဝပျက်စီးသွားမှာ အသေချာပဲဖြစ်တယ် ။

သူတို့တွေ ဒီလိုမြစ်ချောင်းအင်းအိုင်တွေထဲကို ဘယ်လိုရောက်လာသလဲမေးရင်တော့ ပထမဆုံးတာဝန်ရှိတာကတော့ မျိုးရင်းမဟုတ်တဲ့ ဒီငါးတွေကို ဒီနိုင်ငံထဲ စသွင်းကြတဲ့ ငါးသွင်းသူ/ရောင်းသူ ၊ တွေပဲဖြစ်ပါတယ် ။ နောက်ထပ်တာဝန်ရှိတာက မွေးဖို့ဝယ်ယူထားသူတွေက အကောင်ငယ်တုန်းမှာထိန်းနိုင်လို့ ပြဿနာမရှိပေမဲ့ ၊ အရွယ်ကြီးလာတော့ မနိုင်တော့ အနီးနားက မြစ်ချောင်း အင်းအိုင် ကန်တွေထဲ လွှတ်ပေးကြတဲ့ မွေးမြူသူတွေပဲဖြစ်ပါတယ် ။

ဒါပေမဲ့ ကျွန်တော်တို့‌တွေ ဖြစ်ပြီးခဲ့တဲ့ အတိတ်တွေအတွက် တစ်ယောက်နဲ့တစ်ယောက် လက်ညှိးထိုးအပြစ်တွေဝိုင်းဖွဲ့နေရင် ဒီငါးတွေက မွေးဖွားနှုန်းရပ်သွားမှာမဟုတ်ဘဲ ပွားမြဲ/ဆက်ပြီးပြန့်နှံ့ဆဲဖြစ်နေမှာပဲ ။ ဒီငါးတွေ ပွားလာရတာ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ခုချိန်မှာ ဒါကိုဆက်မဖြစ်အောင်ရပ်တန့်ဖို့လိုပါပြီ။

ငါးရောင်းတဲ့ အလှမွေးငါးဆိုင်တွေကလဲ မိမိရောင်းတဲ့ငါးဟာ မျိုးရင်းမဟုတ်ကြောင်း ၊ ဘယ်အရွယ်ထိကြီးမားနိုင်ကြောင်း ၊ အကယ်၍ မိမိနိုင်ငံရဲ့ မြစ်ချောင်းအင်းအိုင်တွေထဲ လွှတ်မိပါက ပတ်ဝန်းကျင်နဲ့သယံဇာတကို ဆိုးရွားစွာပျက်စီးစေကြောင်း မရောင်းခင်ကထဲက အသိပေးပြီးမှရောင်းသင့်ပါတယ် ၊ မိမိလက်ထဲမှာ ရောင်းမထွက်ဘဲ အချိန်ကြာကြာထိန်းသိမ်းရမည်ကို စိုးရိမ်တာနဲ့ပြီးစလွယ်မရောင်းသင့်ပါဘူး။

နောက်တစ်ချက် ငါးမွေးသူတွေက မိမိဝယ်ယူလိုက်တဲ့ ငါးဟာ မိမိတာဝန်ဖြစ်ပါတယ် ၊ သူတို့ရဲ့ စာရေးသောက်ရေးနဲ့သန့်ရှင်းရေးကအစ အကုန်လုံးက မိမိတာဝန်ပါ။ တကယ်လို့ မျိုးရင်းမဟုတ်တဲ့ အလှမွေးငါးလေးတွေကို မလိုချင်တော့တဲ့အခါ မိမိနဲ့နီးစပ်ရာမှာရှိတဲ့ သေချာဂရုစိုက်နိုင်သူကိုပေးတာပဲဖြစ်ဖြစ် ၊ အခကြေးငွေနဲ့ရောင်းတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ် ။

အဲ့လိုနည်းတွေမသုံးဘဲ သဘာဝထဲကိုပဲ လွှတ်ပေးမယ်ဆိုတဲ့ အတွေးကိုတော့လုံးဝဖျောက်ပစ်ရပါမယ် ။ ဘာကြောင့်လဲဆိုတော့ မျိုးရင်းမဟုတ်တဲ့ငါးတွေက သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ကိုယ့်နိုင်ငံရဲ့ သယံဇာတကို တဖြေးဖြေးနဲ့ဖျက်စီးနိုင်ပါတယ်။

ဒါကြောင့် အထက်မှာပြောခဲ့သလို ယူမည့်သူ ဝယ်မည့်သူ မရှိပါက ထိုမျိုးရင်းမဟုတ်တဲ့ငါးကို အလျင်မြန်‌ဆုံးနည်းနဲ့သတ်ပစ် လိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ် ။ “ကိုယ့်အတွက် အကုသိုလ်ဖြစ်မည်ကိုစိုးရိမ်ယုံနဲ့ နိုင်ငံရဲ့သဘာဝသယံဇာတ‌တွေကို မဖျက်စီးလိုက်ပါနဲ့။”

ရောင်းသူ၊ ဝယ်သူတွေတင်မကပါဘူး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ အစိုးရတာဝန်ရှိသူတွေကပါ နိုင်ငံထဲ သွင်းနေတဲ့ မျိုးရင်းမဟုတ်တဲ့ စားငါး / အလှမွေးငါး အမျိုးအစားတွေကိုစာရင်းပြုစုပြီး ၊ စည်းကမ်းသတ်မှတ်သင့်ပါတယ် ။ လက်ရှိပြန့်နှံ့နေတဲ့မျိုးရင်းမဟုတ်တဲ့ ငါးရဲ့အန္တရာယ်နဲ့ ဆိုးကျိုးတွေကိုလဲ ရေလုပ်သားတွေ ၊ အရောင်းဆိုင်တွေနဲ့ ၊ ပြည်သူအားလုံးကို ထိရောက်စွာ အသိပညာပေးသင့်ပါတယ် ။ အင်းအိုင်တွေထဲက ဖမ်းမိတဲ့ မျိုးရင်းမဟုတ်တဲ့ငါးတွေကို သက်ဆိုင်ရာကိုအသိပေးပြီး ရှင်းလင်းခိုင်းတာ ၊ ထိန်းသိမ်းခိုင်းတာတွေလဲလုပ်သင့်ပါတယ် ။ အဓိကက နိုင်ငံအတွင်းမှာ ပြန့်နှံ့နေပြီးသား ကျူးကျော်မျိုးစိတ်တွေကို ပုံတွေ/လက်ကမ်းစာဆောင်တွေ/ဆိုင်းဘုတ်ထောင်တာ‌ေတွ စသဖြင့် ခုလိုမသိနားမလည်သူတွေမရှိအောင် လူတွေအားလုံးသိအောင် ဖော်ပြပေးသင့်ပါတယ် ။

ဒီလိုနည်းတွေနဲ့ စနစ်တကျထိန်းသိမ်းနိုင်သွားရင် မြန်မာနိုင်ငံရဲ့သယံဇာတထဲရောက်နေတဲ့ invasive species (ကျူးကျော်မျိုးစိတ်) တွေအကုန် ရှင်းလင်းနိုင်မှာပါ ။ ဒါကြောင့် ဖြစ်ပြီးခဲ့တာတွေကို တစ်ယောက်နဲ့တစ်ယောက်လက်ညှိုးထိုးအပြစ်ဖွဲ့မနေဘဲ ထပ်မဖြစ်လာအောင် တစ်ပိုင်တစ်နိုင်စပြီးကာကွယ်ကြရဖို့ကအဓိကပါပဲ။

Win Thu Aung

About the author

Aung Lay

Leave a Comment