News

နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ (IMF) မှ မြန်မာပြည် ကိုဗစ်အတွက် ဒေါ်လာသန်း (၃၅၀) ထုတ်ချေးပြီ…

Written by Aung Lay

နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ (IMF) မှ မြန်မာပြည် ကိုဗစ်အတွက် ဒေါ်လာသန်း (၃၅၀) ထုတ်ချေးပြီ..

ကိုဗစ်-၁၉ ကပ်ရောဂါအား တိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံတကာ ငွေကြေး ရံပုံငွေဘုတ်အဖွဲ့ (IMF) မှ မြန်မာအား ဒေါ်လာ သန်း ၃၅၀ အား အမြန် ထုတ်ချေးသွားရန် ယနေ့ အတည်ပြုလိုက်ပြီ ဖြစ်သည်။ ယခုအကြိမ်သည် ဒုတိယမြောက် ထုတ်ချေးခြင်း ဖြစ်ပြီး ၂၀၂၀ ဇွန်လအတွင်းကလည်း အလားတူ ဒေါ်လာ ၃၆၅.၅ သန်း ထုတ်ချေးခဲ့ပြီး ဖြစ်သည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ထိခိုက် နစ်နာခဲ့ရမှူများ အတွက် ငွေရေးကြေးရေးတွင် ခုသာခံသာရှိအောင် အကူအညီပေးခြင်းလည်း ဖြစ်သည်။ ထိုသို့ ချေးငှားနိုင်ရန် မြန်မာ၏ စီးပွားရေး အနေအထားကို IMF ၏ လက်ထောက် အမှုဆောင် ဒါရိုက်တာ မစ်ဆူဟီရို ဖူရူဆာဝါက ယခုလို သုံးသပ်ပြခဲ့သည်။

မြန်မာသည် ယမန်နှစ်က ဘဏ္ဍာရေးနှင့် အရေးပေါ် ငွေကြေးထောက်ပံ့ရေး နှင့် စီးပွားရေး အစီအစဉ်များပါသည့် Covid-19 Economic Relief Plan (CERP) ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး၊ ထို့နောက်တွင်လည်း စီးပွားရေး ပြန်လည် ဦးမော့ရေး နှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ် Myanmar Economic Resilience and Reform Plan (MERRP) ကို ချမှတ်လာပြီး ကျန်းမာရေး အသုံးစရိတ် တိုးမြှင့် သုံးစွဲရေး နှင့် အခွန်ပေးဆောင်မှု သက်သာစေရေး နှင့် လိုအပ်နေသော အိမ်ထောင်စုများအား ငွေကြေး ထောက်ပံ့ပေးရေး အစီအမံများ ပြုလုပ်လာခဲ့သည်။

မြန်မာ၏ လက်ရှိ ကျင့်သုံးနေသော ငွေကြေးမူဝါဒသည် သင့်တင့်လျောက်ပတ်မှုရှိပြီး ငွေကြေးသည်လည်း အလျော့အတင်း ပြုလုပ်နိုင်စွမ်း ရှိနေသည်။ ထို့အပြင် ဘဏ်များ၏ စွမ်းဆောင်ရည်များကို စနစ်တကျလေ့လာစီစစ်သွားရန်လည်း ပြင်ဆင်ထားပြီး ဖြစ်သည်.. အစရှိသည် တို့ကို အကျယ်တဝင့် သုံးသပ်ပြသွားခဲ့သည်။ ငွေကြေးသုံးစွဲမှုများအား ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ခဲ့မှုကိုလည်း ချီးကြူးသွားခဲ့ပြန်သည်။

ထိုသို့ နိုင်ငံတကာ ငွေကြေး ရံပုံငွေဘုတ်အဖွဲ့ (IMF) က ချီးကြူးရသည့်အထိ ယုံကြည်မှုရှိအောင် အစိုးရမှ အမျှော်အမြင်ရှိရှိဖြင့် စွမ်းဆောင်နိုင်ခဲ့၍သာ ယခုလို ချေးငွေ တောင်းခံမှုကို အလျင်အမြန် အတည်ပြုပေးခဲ့ခြင်း လည်း ဖြစ်ပေသည်။ IMF ၏ ချေးငွေများကို စီးပွားရေးလုပ်ငန်းများ ထိခိုက်လာ၍ ဝင်ငွေခွန်ကျဆင်းလာ‌သော်လည်း တိုးမြှင့် သုံးစွဲရန် ရှိနေသော လူမှုရေး အသုံးစရိတ်များ အတွက် အထောက်အကူ ရစေရန် နှင့် ပြည်ပနိုင်ငံများမှ အလွန်အကျွံ ချေးငှားရမှုများ လျော့နည်းသွားရန် IMF က ရည်ရွယ်သည်ဟု ဆိုသည်။ (လှစိုးဝေ)

ကိုးကား- IMF Press Release

About the author

Aung Lay

Leave a Comment