Knowledge ၾကားသိရသမ်ွ

ရန်ကုန်မြို့မှာ မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် ပိတ်ပင်ခဲ့ရသည့် သမိုင်းကြောင်း…

Written by Aung Lay

ရန်ကုန်မြို့မှာ မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် ပိတ်ပင်ခဲ့ရသည့် သမိုင်းကြောင်း..

လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီဗွီဘီသတင်းမှာ လာသွားခဲ့တဲ့ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပြန်လည်ပြုဖို့ တောင်းဆိုတဲ့အကြောင်း ကြည့်လိုက်ရတယ်.. ကမ္ဘာ့နိုင်ငံအတော်များများ စီးခွင့်ရှိပြီ.. ရန်ကုန်မှာစီးခွင့် မရှိလို့ ဝန်ကြီးချုပ်ဆီမှာ တောင်းဆိုမယ်လို့သိရပါတယ်..

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာ ဘာအကြောင်းကြောင့် ပိတ်တယ်ဆိုတာ တရားဝင်ကြော်ငြာခဲ့တာမရှိခဲ့ဘူး.. ဒါပေမယ့်ကျွန်တော်တို့ သိထားတာတော့ရှိပါတယ်။ ကျွန်တော်လည်းငယ်စဉ်ကတော့ motor cycle crazy တစ်ယောက်ပါပဲ.. 1984/85 လောက်မှာ ၆ မိုင်ခွဲ မြေနီကုန်း သမိုင်း တို့က ဆိုင်ကယ်သူရဲတွေဟာ ကျွန်တော်ရဲ့ဘော်ဒါလည်းဟုတ် ဆရာလည်း ဟုတ်ပါတယ်.. ကျွန်တော်ကအားလုံးထဲမှာအသက်အငယ်ဆုံးပါ.. သူတို့ကကျွန်တော့်ထက် ၄ နှစ် ၅ နှစ်ကြီးကြပါတယ်.. ကျွန်တော်က ၁၇/၁၈ အရွယ်ပေါ့..

၆ မိုင်ခွဲကဘော်ဒါက လူကလည်းသန်တော့ Kawasaki-750 (အင်ဂျင်ပါဝါ ၇ ကောင်ခွဲ) ကိုစီးတယ်.. တစ်ရက်ဘော်ဒါတွေစုံတဲ့အချိန်မှာ သူကဟေ့ကောင် မင်းငါ့ဆိုင်ကယ်စီးချင်ရင် ဓာတ်မီးတိုင်တစ်တိုင် တွန်းပြလို့ပြောတယ်.. ကျွန်တော်ချာတိတ်တုန်းက လူကောင်ကပိန်သေးသေးဆိုတော့ မတွန်းန်ိုင်ဘူးလို့ သူကထင်နေတာ တစ်ကယ်တွန်းပြလိုက် တော့အံ့သြသွားပြီး သူ့ရဲ့ 750 ဆိုင်ကယ်ကြီးကိုပေး စီးပါတော့တယ်..

လက်ကိုင်အမျိုးအစားကတော့ easy rider မဟုတ်ပါဘူး.. sport type လို့ခေါ်တဲ့လက်ကိုင်အဖြောင့်ပါ.. နောက်ပိုင်းမှာတော့ ကျွန်တော့် Kawasaki-400 easy rider (line-4) တွေကိုပဲ အစီးများခဲ့တယ်.. စကော့ဈေး (ဗိုလ်ချုပ်ဈေး) ထဲမှာ မိုးကုတ်ကျောက်‌တွေ ဝယ်ရောင်းလုပ်ရင်းနဲ့ တစ်ဖက်မှာ ဆိုင်ကယ်ဝယ်/စီး/ရောင်းလုပ်ပါတယ်။ easy rider ဘီးကြီးတွေပဲ စီးနေကြဆိုတော့ ဘီးကြီးသမားတွေနဲ့ပဲ ပေါင်းဖြစ်ခဲ့တယ်..

အဲဒီအထဲမှာ မြေနီကုန်းကဘော်ဒါတစ်ယောက်ကတော့ တစ်ကယ့်ဆရာကြီးပဲ.. လူမှုရေးအရ နာမည်မရေးတော့ပါဘူး.. နာမည်က ၂ လုံးထဲပါ.. သူနဲ့အနီးကပ်ပေါင်းခဲ့ရတာ တော်တော်ကြောက်ဖို့ကောင်းတယ် ။ တစ်ကယ့် ဂန်းစတား တစ်ယောက်လိုပဲ။ ဆံပင်က ကျောလယ်ထိရှိတယ် စစ်သုံးဖီးလ်ဂျက်ကက်အမြဲဝတ်တယ် ဂျင်းပန် အမြဲဝတ်ပြီးစစ်ဖိနပ် ကိုပဲအမြဲစီးတယ်.. သူကဘယ်ဖက်ခြေထောက်ဖြတ် ထားရပြီး နံရိုး ၃ ချောင်းကျိုးထားဘူးတယ်။ ခြေတုနဲ့ပါ ဆိုင်ကယ်အက်ဆီးဒင့်ကြောင့် ဖြစ်ခဲ့ရတာတွေချည်း ပါပဲ ။

ရန်ကုန်မှာ ကို–ိ ုးကြီးဆိုရင် ဆိုင်ကယ်သူရဲလောကမှာ မသိသူမရှိဘူး.. သူသောင်းကျန်းခဲ့တာတွေ ပြောရရင်အများကြီးပဲ.. သူက jumping တွေရော easyrider တွေရောအစုံစီးတယ် ။ ၉၁ ဝန်းကျင် လောက်က ကျွန်တော်တို့ဘော်ဒါတွေ RC-2 လှိုင်တက္ကသိုလ်ဖက်က ပြန်လာကြတယ်.. ည ၇ နာရီလောက်ပေါ့ လှည်းတန်းအနီးစံရိပ်ငြိမ်မှတ်တိုင်နားမှာ အတူတူစီးလာတဲ့ ဘော်ဒါတစ်ယောက်က ကို–ိ ုးကြီးရဲ့ ဆိုက်ကယ်ကို ကျော်တက်လိုက်တယ်။ အဲဒါကို ကို–ိ ုးက နဲနဲမူးနေတာ့ စိတ်ဆိုးသွားတယ်.. ကျော်တက်သွားတာကို စိတ်ဆိုးပြီး သူစီးနေတဲ့ Yamaha DT ကို ကျွန်တော့်မျက်စိရှေ့မှာပဲ ဆွဲမှောက်ပစ်လိုက်တယ် ။ လူရောဆိုင်ကယ်ရောကတ္တရာလမ်းမပေါ်မှာ ဒရွတ်တိုက်သွားတာ တော်တော်ဝေးတယ်။

လူကတော့ လူးလှိမ့်ထလာပါတယ်.. သူ့ဆိုင်ကယ်က ကတ္တရာလမ်းနဲ့ ပွတ်တိုက်ပြီး မီးပန်းလေးတွေထွက်နေတယ်.. သူကမတ်တပ်ရပ်ပြီးကြည့်နေတယ်.. ဆိုင်ကယ်ဒရွတ်တိုက်ပါသွားပြီး လမ်းဘေးပလက်ဖေါင်းနဲ့တိုက်ပြီး ရပ်သွားတော့မှ စံရိပ်ငြိမ်နားက အအေးဆိုင်ထဲဝင်ပြီး ရေခဲသေတ္တာထဲက ဘီယာဘူးတစ်ဘူးထုတ် လိုက်ပြီး သူ့လက်က ဆိုင်ကယ်မှောက်တဲ့ ဒဏ်ရာတွေကို ဘီယာနဲ့လောင်းချလိုက်တယ်.. ပြီးတော့မှ စီးကရက်ဖွာပြီး ဘီယာသောက်နေတယ်.. အခုနကကျော်တက်သွားတဲ့ သူငယ်ချင်းကလည်း ပြန်လည့်လာပြီး သူ့ဆိုင်ကယ်ကို ဆိုင်ရှေ့ယူလာပေးပါတယ်.. အချင်းချင်းစိတ်မဆိုးဖို့ပြောပြီး ဘီဟာသောက်ကြတယ်.. ပြီးတော့လမ်းခွဲပြီး အိမ်ပြန်ကြတယ်..

ဟံသာဝတီအဝိုင်းကြီးမှာ တာဝန်ကျတဲ့ယာဉ်ထိန်းရဲတွေဟာ အလှည့်ကျဂျူတီနဲ့ဆိုပေမယ့် သူနဲ့ရင်းနှီးတဲ့ ဘော်ဒါတွေများတယ် ။ ဆိုင်ကယ်ဦးထုပ်ဘယ်တော့မှ မဆောင်းတဲ့သူ့ကို မော်တော်ပီးကယ်တွေက ဟိုဖက်လှည့်သွားပြီး မမြင်ချင်ယောင်ဆောင်ပေးတယ် ။ တာဝန်ကျသူအသစ်ရောက်လာလို့ သူ့ကိုဝီစီမှုတ်ပြီးဖမ်းရင်မောင်းပြေးတယ်.. ပြီးတော့သူ့ဘော်ဒါတစ်ယောက်ခေါ်လာပြီး မောင်ခိုင်းတယ်.. သူကနောက်ကထိုင်တယ်.. သူ့ကိုဖမ်းတဲ့ယာဉ်ထိန်းရဲအနားမောင်းခိုင်းတယ်.. အနားရောက်တာနဲ့ ယာဉ်ထိန်းရဲရဲ့ ဦးထုပ်ကိုလက်နဲ့ ပုတ်ချပြီး ဘောလုံးလိုကန်ပစ်တယ်.. သူကအဲလောက် ထိသောင်းကျန်းတတ်တယ်..

အဲဒီခေတ်ကထောက်လှမ်းရေးခေတ်ဆိုတော့ ကို–ိ ုးကြီးတို့က ထောက်လှမ်းရေးကို ပေါင်းထားတော့ ဘယ်သူမှသူ့ကို ပြဿနာမလုပ်ရဲကြဘူး.. နောက်တစ်ခါ လှည်းတန်းမီးပွိုင့်မှာ ပြဿနာရှာပါသေးတယ်.. ၉၀ ခုနှစ်ကျော်လောက်က လှည်းတန်းမီးပွိုင့်တိုင်တွေက အခုလိုအမြင့်ကြီးတွေမဟုတ်ဘူး.. လူ ၂ ရပ်အမြင့်နီးပါးလောက်ပဲ ရှိတယ်။ တိုင်အဖြောင့်တွေပါ။ တစ်ရက်မှာ Yamaha DTနဲ့ ကို–ိ ုးကြီးရောက်လာပြီး ဆိုင်ကယ်ကို မီးပွိုင့်ပလက်ဖေါင်းပေါ်မောင်းတက်တယ်.. ပြီးတော့ဆိုင်ကယ်ကို ဒေါက်ထောက်ပြီးအပေါ်တက်မတ်တပ်ရပ်လို့ Bossny မှုတ်ဆေးဘူး အနီဘူးနဲ့မှုတ်ပစ်လိုက်တယ်.. မီးပွိင့်ကအဝေးကကြည့်ရင် အကုန်နီကုန်တယ်.. ကားတွေအားလုံးမီးပွိုင့်မှာ ဒုက္ခရောက်ကုန်တယ်.. မော်တော်ပီကယ်မရှိတဲ့ တာဝန်ချိန်အပြီးမှာလုပ်ပစ်ခဲ့တာပါ..

အဲဒီတုန်းကတော့ ကို–ိ ုးကြီး ဘာပြသနာမှ မဖြစ်လိုက်ဘူးအေးဆေးပါပဲ.. ထောက်လှမ်းရေးအရှိန်နဲ့ အကာကွယ်ယူထားတာ.. သူ့အဖို့အထိနာသွားတာကတော့ အခုအငြိမ်းစားယူထားသူ ဗိုလ်ချုပ်မှုးကြီးရဲ့လမ်းကြောင်းထဲကို အတင်းထိုးဖေါက်ဝင်ပစ်လိုက်တဲ့ကိစ္စပါပဲ.. ဗိုလ်ချုပ်မှုကြီး နေရာယူပြီးမကြာခင်မှာ ဗိုလ်ချုပ်မှုးကြီးရဲ့ VIP လမ်းကြောင်းသွားနေတာကို ကို–ိ ုးကြီးက နောက်ကအမှီလိုက်ပြီး အတင်းဖေါက်ဝင်လိုက်တယ်.. ပြီးတော့ အဲဒီခေတ်က 929 ကားပေါ်မှာ ထိုင်လိုက်လာတဲ့ ဗိုလ်ချုပ်မှုးကြီးကား ဘေးပြတင်းပေါက်နား ယှဉ်လိုက်တယ်.. လှည့်အကြည့်မှာ ရုပ်ရှင်ထဲကလမ်း သရဲတွေအော်သလိုဝူး ဝါးနဲ့စူးစူးဝါးဝါးအော်ပြီး ဆိုင်ကယ်မောင်းပြေးပါတယ်..

ဗိုလ်ချုပ်မှုးကြီးလည်း တော်တော်လန့်သွားပြီး အရမ်းစိတ်ဆိုးသွားတယ်လို့ဆိုပါတယ်.. ဒါပေမယ့်သူ့နောက်ကိုတော့ ဘယ်တပ်ဖွဲ့ကမှ လိုက်ပြီးမဖမ်းကြပါဘူး.. အဲဒီည ၁၂ နာရီလောက်မှာတော့ ထောက်လှမ်းရေးအရာရှိအချို့နဲ့ ရပ်ကွက်လူကြီးရောက်လာပြီး သူ့ကိုခေါ်သွားပါတယ်။ မိသားစုကိုလည်းထောက်လှမ်းရေးကပြောတယ်.. ခင်ဗျားတို့ သားကို ဘယ်မှာမှ မစုံစမ်းပါနဲ့ တစ်လပြည့်ရင် ပြန်လွှတ်ပေးလိုက်မယ်လို့ဆိုပါတယ်။

ကျွန်တော်ကဖမ်းသွားတာ မသိလိုက်ဘူး.. သမိုင်းက သူငယ်ချင်းဆီရောက်လို့ ကို–ိ ုးကြီးပျောက်နေလို့မေးတော့ “ဂျပန်မှာ ဆိုင်ကယ်သွားပြိုင်နေတယ်လို့နောက်ပြီးပြောတယ်.. ပြီးမှအဖြစ်မှန်ကို သိရတာကထောက်လှမ်းရေးက ရေကြည်အိုင်ကို ခေါ်သွားပြီး LESSON ပေးတယ်လို့ပြောတယ်.. ကတုံးရိတ်ပြီးတော့ မနက်မိုးလင်းတာနဲ့ ဆိုင်ကယ်ပုံစံ လုပ်ထားတဲ့ သစ်သားတုံးပေါ်ခွထိုင်ပြီး လက်ကိုင်လိုလုပ်ထားတဲ့ ဒုတ်ကိုကိုင်ပြီးပါးစပ်က ခလေးတွေကားမောင်းသလို “ဝူး.. ဝူး.. ဝူး.. ဘုတ်.. ဘုတ်.. ဘုတ်” နဲ့အော်ခိုင်းပါတယ်.. မောလို့ ရပ်သွားရင် အောက်ဆင်းခိုင်းပြီး သူ့ရဲ့ခြေတုတစ်ဖက်ကိုဖြုတ် ခြေထောက်တစ်ဖက်တည်းရပ်ခိုင်းပြီး လက်နှစ်ဖက်ကိုဘေးဆန့်ပြီး လေယာဉ်ပျံမောင်းခိုင်းပါတယ်.. တစ်နေကုန်အောင် မောင်းရတယ်..

အဲဒီလိုနဲ့ရေကြည်အိုင်စခန်းမှာ တစ်လတိတိ LESSON ပေးခံလိုက်ရပါတယ်.. ကို–ိုးကြီးလည်း ဒီတစ်ခါတော့ တော်တော်လေးခံလိုက်ရပါတယ်.. အဲဒီကိစ္စလည်းဖြစ်ပြီးရော ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပစ်လိုက်ပါတော့တယ်..

လေးစားစွာဖြင့် မူရင်းရေးသားသူ

About the author

Aung Lay

Leave a Comment