ကျေးဇူးပြုပြီး အသက်ရှူပါရစေ
အမေရိကန်၊မင်နီယာပိုလိစ်မြို့( Minneapolis) ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်။
ရဲအရာရှိတစ်ယောက်က လူမည်းအမျိုးသားကြီးတစ်ယောက်ရဲ့ လည်ပင်းကို ဒူးနဲ့ထောက်၊ ကိုယ်လုံးနဲ့ တက်ဖိ ထားတယ်..။
“ အသက်ရှူလို့မရတော့ဘူး။ တောင်းပန်ပါတယ်..။”
လူမည်းအမျိုးသားကြီးက ဆက်တိုက် ငိုယိုတောင်းပန်ခဲ့သေးတယ်…။
” ဒူးခေါင်းဖယ်ပေးပါ။ ”
“ကျေးဇူးပြုပြီဖယ်ပေးပါ .. သူသေတော့မယ်..”
“ အဲဒီလိုတော့ မလုပ်ပါနဲ့လား?”
ဘေးကလူတွေ ဝိုင်းအော်ကြသေးတယ်..။
ရဲအရာရှိမျက်နှာက ခပ်တင်းတင်းပဲ…။
“ အသက်ရှူလို့မရတော့ဘူး၊ တောင်းပန်ပါတယ်..။”
“ငါ အသက်ရှူလို့မရဘူး။ ”
လူမည်းအမျိုးသားကြီးက ဆက်တိုက်အော်နေတယ်။ နှာခေါင်းက သွေးတွေကျလာတယ်။ မျက်နှာတစ်ခုလုံး အမ်းလာတယ်။
ခဏကြာတော့ လူမည်းအမျိုးသားကြီးဟာ ရဲအရာရှိ ရဲ့ ဒူးအောက်မှာ အသံပျောက်သွားတယ်။
ဗီဒီယို ကြည့်ရန်
၅ မိနစ်လောက်ကြာတော့ အသံမထွက်၊ပျော့ခွေသွားတဲ့ လူမည်းအမျိုးသားကြီးကိုကြည့်ပြီး ဘေးလူတွေက
“ သေသွားပြီလား?”
“ကယ်ကြပါဦး”
ဘေးနားက အခြားရဲအရာရှိ ၂ ယောက်က လူမည်းအမျိုးသားကြီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်းကို စမ်းကြည့်ကြတယ်။
ရဲအရာရှိဟာ လူမည်းအမျိုးသားကြီးကို အသက်ရှူခွင့်မပေး၊ ဆက်ဖိတားတုန်း..။
၈ မိနစ်နဲ့ ၄၆ စက္ကန့်ကြာမှ လွှတ်ပေးလိုက်တာ။
နောက်ပြီး ဆေးရုံကိုအရေးပေါ်ပို့ကြတယ်။ လူမည်းအမျိုးသားကြီးက သေသွားပြီ…။
လူမြင်ကွင်းမှာ လူသိရှင်ကြား တရားဝင်လူသတ်တယ်ဆိုတာ အဲ့ဒါမျိုးလား…။
ရဲအရှိတစ်ယောက်က ယုံကြည်စိတ်ချစွာနဲ့ လူမည်းတစ်ယောက်ကို အဲ့ဒီလို သတ်ပစ်လိုက်တယ်။
သူဟာ လူမည်းတစ်ယောက်ကို သတ်ဖို့ သေနတ်တစ်လက်၊ ကျည်ဆန်တစ်တောင့် မသုံးခဲ့ပါဘူး။
ဒူးခေါင်းနဲ့ ဖိသတ်လိုက်တာပါပဲ….။
သူက ရဲအရာရှိက ဒဲရက်ချော်ဗင် (Derek Chauvin) တဲ့။
သေသွားတဲ့လူမည်းအမျိုးသားကြီးက ဂျော့ခ်ျဖလိုဒ် – George Floyd ) တဲ့။
လူမည်းအမျိုးသားကြီး ဂျော့ခ်ျ ဖလိုဒ် ဟာ ၄၆ နှစ်အရွယ်အာဖရိကန်အမေရိကန်အမျိုးသားတစ် ဦး ဖြစ်တယ်။
သူမွေးဖွားခဲ့တာ မြောက်ကာရိုလိုင်းနား (North Carolina )ပေမဲ့ ဟူစတန်မြို့ (Houston) မှာကြီးခဲ့တာ။
၂၀၀၉ ခုနှစ်တုန်းက လက်နှက်ကိုင် လုယက်မှုနဲ့ ထောင် ၅ နှစ်ကျဖူးတယ်။ ၂၀၁၄ ခုနှစ်မှ သူ ထောင်ကလွတ်လာတာ။
သူ့ဘဝကို အသစ်ပြန်စ၊ မင်နီယာပိုလိစ်မြို့နားက စားသောက်ဆိုင်လုံခြုံရေးအစောင့်လုပ်တာ ငါးနှစ်။
သူဟာ သမီး ၂ ယောက်ရဲ့ ဖခင်ဖြစ်ပါတယ်။ သမီးငယ်က ၆ နှစ် ပဲရှိသေးတာ။ သမီးအကြီးက ၂၂ နှစ်…။
COVID-19 ကပ်ဆိုက်တော့ သူ အလုပ်လက်မဲ့ဖြစ်သွားတယ်။
ရဲအရာရှိက ဒဲရက်ချော်ဗင် (Derek Chauvin) က အသက်၄၄ နှစ်အရွယ်လူဖြူတစ်ယောက်။
သူ မင်နီယာပိုလိစ်မြို့ရဲဌာနမှာအရာရှိဖြစ်တော့ ၂၀၀၁ ခုနှစ်။
သူ့ကို မြို့သားတွေက မကြိုက်လို့ တိုင်စာပို့တဲ့ အမှု ၁၈ ခုရှိသတဲ့။ ပြဿနာတွေနဲ့ ရဲအရာရှိ…။
လက်တင်နိုက်ကလပ် ပိုင်ရှင်ဟောင်း တစ်ဦး Maya Santamaria ပြောပုံအရဆို ရဲအရာရှိက ဒဲရက်ချော်ဗင် နဲ့ သေသွားတဲ့လူမည်းအမျိုးသားကြီး ဂျော့ခ်ျဖလိုဒ်က သူ့ကလပ်မှာ လုံခြုံရေးအစောင့် အတူတူလုပ်ခဲ့ဖူးတယ်တဲ့။
၂၀ ဒေါ်လာတန် ငွေအတုကို သုံးနေတယ်လို့ သတင်းရလို့ ရဲအရာရှိတွေရောက်လာတော့ မစ္စတာဖလိုဒ်က ကားတစ်စီးထဲမှာ။
သူက ကားမောင်းတဲ့ထိုင်ခုံမှာ။ သူ့ ဘေးနဲ့ အနောက်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး..။
ရဲအရာရှိက ဒဲရက်ချော်ဗင်က သေနတ်နဲ့ချိန်ပြီး လက်မြှောက်ဖို့ပြောတယ်။ ရဲအရာရှိက မစ္စတာဖလိုဒ် ကိုလက်ထိတ်ခတ်တယ်။ သူ့ကားဆီခေါ်သွားတယ်။
မစ္စတာဖလိုဒ် ရဲကားထဲမဝင်၊ ပေကပ်ကပ်လုပ်နေခဲ့။ သူဟာ နေရာကျဉ်းကျဉ်းထဲကို ဝင်ရမှာ သိပ်ကြောက်တဲ့အကြောင်း ရဲအရာရှိနှစ်ယောက်ကို ပြောတယ်။
မစ္စတာဖလိုဒ် က ကြောက်ဇောနဲ့ ရုန်းရင်းကန်ရင်း မြေကြီးပေါ်လဲကျသွားတာလား၊ ရဲအရာရှိက ဒဲရက်ချော်ဗင်ကတွန်းလိုက်သလား သေချာမသိ၊ မစ္စတာဖလိုဒ် ရဲ့ လည်ပင်းပေါ် ဒူးခေါင်းကရောက်လာခဲ့တာပဲ…။
ဒီလိုပါပဲ..။
ရဲအရာရှိတွေရဲ့ လက်ကိုင်တုတ်ကြောင့် လူတွေ သေခဲ့ဖူးတယ်…။
ရဲအရာရှိတွေရဲ့လျှပ်စစ်ကျဉ်စက်ကြောင့် လူတွေ သေခဲ့ဖူးတယ်…။
ရဲအရာရှိတွေက သူတို့ရဲ့ သန်မာတဲ့ လက်မောင်းတွေနဲ့ အနောက်က ချုပ်၊ လည်ပင်းညှစ်တဲ့အခါ လူတွေ သေခဲ့ဖူးတယ်…။
မစ္စတာဖလိုဒ်က နဂိုတည်းက ကျန်းမာရေးသိပ်မကောင်း၊ နှလုံးရောဂါလည်းရှိတယ်။ ရဲအရာရှိရဲ့ သန်မာတဲ့ခန္ဓာကိုယ်နဲ့ မစ္စတာဖလိုဒ် ရဲ့ လည်ပင်းပေါ် ရှစ်မိနစ်ကျော် ဒူးထောက်ထိုင်တဲ့အခါ မစ္စတာဖလိုဒ် သေသွားတယ်..။
နောက်တစ်နေ့ ( မေလ- ၂၆ ရက်နေ့)…။
“ ငါအသက်မရှူနိုင်ဘူး”
လူအုပ်ကြီးက ဝိုင်းအော် ဆန္ဒပြကုန်ကြတယ်။
မင်နီဆိုးတားမြို့မှာ အဆိုးဆုံးပဲ။
ဒါကြောင့် မင်နီယာပိုလစ်နဲ့ စိန့်ပေါမြို့မှာ ညမထွက်ရ အမိန့်တောင်ထုတ်ခဲ့ရတဲ့အဖြစ်။
လူထုကြီးက ဆက်တိုက်ဆန္ဒပြကြတယ်။
( မေလ- ၂၉ ၊ သောကြာနေ့)
ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) စုံစမ်းစစ်ဆေး ရဲအရာရှိ ချောင်ဗင်ကို တတိယအဆင့်လူသတ်မှု(Third-degree murder) နဲ့ တရားစွဲထားတယ်။
ပြည်သူတွေပိုဆူသွားတယ်။ ညမထွက်ရအမိန့်လည်း သူတို့ ဂရုမစိုက်တော့ပါ။
သူတို့တတွေ အမေရိကန် အိမ်ဖြူတော်အထိ ပိတ်ဆို့အော်ဟစ်ကြတယ်။
“ ငါအသက်မရှူနိုင်ဘူး”
အခုအချိန်အထိ လူအုပ်ကြီးက ဆက်တိုက်အော်နေကြတုန်း…။
သူတို့တတွေ အမေရိကန်အိမ်ဖြူတော်အထိ ပိတ်ဆို့အော်ဟစ်ကြတယ်။
အသက် ၄၆ နှစ်အရွယ် မစ္စတာဖလိုဒ် ကတော့ မကြားနိုင်တော့ပြီ…။
အိမ်ဖြူတော် အရှေ့တင်မှမဟုတ်..၊
နယူးယောက်၊
လော့စ်အိန်ဂျယ်လိစ်၊
ချီကာဂို၊
ဒင်းဗား၊
ဟူစတန်၊
လူးဝစ်ဗီယာ၊
ဖီးနစ်၊
ကိုလံဘတ်စ်၊
နောဖစ် စတဲ့နေရာတွေမှာ ဟိုတစ်စု၊ ဒီတစ်စု အုပ်စုတွေဖွဲ့ အော်ဟစ်ကုန်ကြ..။
ရဲစခန်း၊ ရဲကားတွေ ဟိုနေရာ ဒီနေရာ မီးဟုန်းဟုန်းတောက်ကုန်ပြီ…။
နယူးယောက်ရဲ့ လမ်းမတွေမှာ ပုလင်းကွဲတွေပြန့်ကျဲနေကြ..။
သမ္မတ ထရမ့်က ” မင်းတို့ စကြမ်းရင် ငါတို့ စပစ်မှာပဲ”တဲ့။ အဲ့ဒါ ၁၉၆၀ တုန်းက မိုင်ယာမီ ရဲချုပ် ဝေါ်လ်တာ ဟက်လီရဲ့ စကားကို သံယောင်လိုက်တာပေါ့။
အဲဒါ အာဖရိကန် အမေရိကန် လူမည်းတွေကို နှိမ်နင်းဖို့ သုံးခဲ့တဲ့စကားလေ..။
အမေရိကန်လူမည်းတွေမှာ သမိုင်းအဆက်ဆက်က နာကျည်းချက်၊ ခံစားချက်တွေရှိတယ်။
အလုပ်ကောင်းကောင်းရဖို့ သိပ်မလွယ်။ဒါကြောင့် အလုပ်လက်မဲ့ လူမည်းတွေကလည်း ဒေါသနဲ့ စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ လုပ်ရပ်တွေ၊ ထင်တိုင်းကြဲတာတွေရှိနေတတ်တယ်။
အမေရိကန် ရဲအရှိတွေကလည်း လူမည်းတွေကို ချုပ်ကိုင် သတ်ဖြတ်ဖို့နည်းလမ်းများစွာ ရှိနေတတ်တယ်တဲ့ ….။
အမေရိကန် ရဲအရာရှိတွေက တရားခံလို့ သံသယရှိသူတွေကို ခေတ္တထိန်းသိမ်းထားဖို့ အသက်ရှူလမ်းကြောင်းမပိတ်စေဘဲ လည်ပင်းကိုဒူးနဲ့ဖိဖို့ လေ့ကျင့်သင်ကြားထားကြရတာ ထုံးစံ။
“ အသက်ရှူလို့မရဘူး” လို့ တောင်းပန်နေတဲ့ လက်နက်မဲ့သူတစ်ယောက်ကို ပျော့ခွေသွားတဲ့အထိ မလွှတ်တမ်းဖိထားဖို့တော့ မသင်ခဲ့ကြရမယ်မထင်ပါ။
မစ္စတာဖလိုဒ်ပဲ “ကျေးဇူးပြုပြီး အသက်ရှူပါရစေ” လို့ ငိုယိုခဲ့တာမဟုတ်ပါဘူး။
၂၀၁၄ တုန်းက Eric Garner ဆိုတဲ့ လူမည်း အမျိုးသားလည်း Staten Island မှာ နယူးယောက်ရဲအရာရှိကို “ကျေးဇူးပြုပြီး အသက်ရှူပါရစေ” ၁၁ ကြိမ်၊ ထပ်ခါတလဲလဲတောင်းပန်ရင်း သေဆုံးခဲ့ရ။
အာဖရိကန်-အမေရိကန်တို့ဟာ နိုင်ငံသားအခွင့်အရေးရဖို့၊ မဲပေးခွင့်ရဖို့အတွက် အသက်ပေါင်းများစွာပေးဆပ်ခဲ့ရ..။
အမေရိကန်ရဲ့ ထောင့်တစ်နေရာမှာ အသားအရောင်၊ လူမျိုးရေးခွဲခြားမှုက ပိုနေမြဲကျားနေမြဲ..။
သူတို့မျက်လုံးတွေက အရောင်တွေခွဲခြားတတ်တယ်။ သူတို့ရဲ့ စိတ်ဓာတ်တွေကလည်း အရောင်အမျိုးမျိုးပဲ…။
အမုန်းတရားဟာ လူတွေကို ထာဝရ အသက်ရှူကျပ်စေတယ်..။
လက်ရှိ အမေရိကန်ဟာ လောင်ကျွမ်းနေတယ်။
အိပ်ပျော်နေတဲ့တစ္ဆေတွေကို လက်နဲ့ပုတ်ပြီးနှိုးလိုက်သလို..မျှော်လင့်ချက်မဲ့နေတဲ့ အချောင်သမားတွေက ရတဲ့အခွင့်အရေးကိုအသုံးချပြီး ဆိုးသွမ်း လုယက်ကုန်ကြပြီ။
ငါတို့ဟာ အိပ်မက် မက်နေတာလား။
ရောဂါကပ်ကြီးမှာ လူတွေငိုနေကြ..။ရောဂါကပ်ကြီးမှာ လူတွေ ဆန္ဒပြကြ…။ ရောဂါကပ်ကြီးမှာ လူတွေ လုယက်နေကြ…။ရောဂါကပ်ကြီးမှာ လူတွေ ရမ်းကား၊ မီးရှို့၊ဖျက်ဆီးကြ…။
လူမည်းတစ်ယောက် အသက်မရှူနိုင်ခဲ့တာကို သင်တွေ့လိုက်လား..။
သင် သက်ပြင်းတစ်ခု ချလိုက်သလား။
သင်ရော အသက်ဝဝ ရှူနိုင်ရဲ့လား..။
မရွှေမိုး ( ကိုရီးယား)
May31st,2020.
The Guardian
The death of George Floyd was an act of murder, plain and simple
Ben Crump and Jasmine Rand
Death of George Floyd- Wikipedia