News

ကိုဗစ်ကို ကြောက်စရာမလိုတဲ့ ဖိုးတခေတ်ရဲ့ မွေးနေ့ပွဲ စည်းကား သိုက်မြိုက်စွာကျင်းပ

Written by Aung Lay

မနေ့ (၅-၆-၂၀၂၀)က ဘားအံမြိုု့နယ် ရိုးမဟာ (မာနာကကြွယ်) ရွာမှာ ဖိုးတခေတ်ရဲ့ မွေးနေ့ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ချွင်းချက်တချို့မှ အပ လူ (၅) ဦးထက် ပိုပြီး မစုဝေးရဆိုတဲ့ အမိန့်က ဇွန်လ (၁၅) ရက်နေ့အထိ အကျုံးဝင်ဆဲပဲ ဖြစ်ပါတယ်။ယုံကြည်မှုကို အပြစ်ဆိုစရာ မရှိပေမယ့် လူများများစုရင် ကူးစက်တတ်တဲ့ ရောဂါ ပျံ့နှံ့နေတဲ့ အချိန်မှာ ဒီလိုမျိုး လူစုလူဝေး လုပ်ပြီး နှာခေါင်းစည်း မတပ်ဘဲ ပွဲလုပ်နေကြတာဟာ အလွန် စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ဒေသအာဏာပိုင်များအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ဒေသခံ ပြည်သူတွေ လိုက်နာစေဖို့အတွက် အသိပညာပေးတာတွေ ပြုလုပ်သင့်ပါတယ်။ ပြောသာ ပြောရတာပါ ဖိုးတခေတ်နေတဲ့ ရွာက အရင်ထဲက အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတဲ့ ပုံစံမျိုး ဖြစ်နေတာပါ။ ဘာပဲ ဖြစ်ဖြစ် အခုလိုမျိုး ကပ်ရောဂါ ကာလမှာ အားလုံး ဆင်ဆင်ခြင်ခြင်နေကြဖို့ အရေးကြီးပါတယ်။ ဖိုးတခေတ်နေတဲ့ ရွာအကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်-ခေတ်ဟောင်းမှာ ကျန်ခဲ့တဲ့ ဖိုးတခေတ်ရဲ့ ကရင်အမျိုးသား ရွာကလေး

ရွာထဲကို ဝင်လိုက်တာနဲ့ မြေနီလမ်းကလေး နှစ်ဘက်စလုံးမှာ ပျဉ်ထောင်ကာ ပျဉ်ခင်းနဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေနဲ့ အတူ ကရင်ရိုးရာဓလေ့ တခုဖြစ်တဲ့ ကရင်ဘာသာနဲ့ “ထမုဒ်” လို့ ခေါ်တဲ့ ဝါးလုံးရှည် တလုံး ပေါ်မှာ ကရင်အမျိုးသား အလံနဲ့ အင်္ကျီကို ချိတ်ဆွဲထားတဲ့ နတ်စင်လေးတွေကိုပါ တွေ့မြင်ရပါတယ်။ အဲဒါကတော့ ကရင်ပြည်နယ်က “ကရင် အမျိုးသားရွာ” ဖြစ်ပြီး ဘားအံ ခရိုင် ဂျိုင်းမြို့နယ်ထဲမှာ ရှိတာပါ။အနီးအနား ကျေးရွာမှာရှိတဲ့ လူတွေကတော့ “ဖိုးတခေတ်” ရွာလို့လည်း ခေါ်ကြပါတယ်။ ရွာတည်ထောင်ဖို့ နယ်မြေကို ယခင် စစ်အစိုးရ လက်ထက်က ဘားအံမြို့ ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌဟောင်း ဦးခင်ကြူးက ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ရွာမှာနေထိုင်ကြတဲ့ ရွာသူရွာသားတွေဟာ အဲဒီလိုမျိုး ရိုးရာနတ်စင်ကို အိမ်တိုင်းမှာ လုပ်ထားကြပြီး လပြည့်၊ လကွယ် ရောက်တိုင်း ဆွမ်းကပ်၊ အမွှေးနံ့သာတွေနဲ့ ပူဇော်လေ့ရှိတယ်လို့ အသက် ၄၈ နှစ် အရွယ် အဲဒီရွာသား ဦးမောင်ဒါးက ပြောပါတယ်။

ရွာမှာ အိမ်ခြေ ၉၀၊ လူဦးရေ ၄၀၀ ကျော်နေထိုင်ပြီး အသက် ၃၈ နှစ်အရွယ် ကရင်အမျိုးသားတဦးရဲ့ ထိန်းချုပ်မှု အောက်မှာ နေထိုင်နေကြတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ သူ့ကို ရွာသားတွေက ကရင်ကိုယ်တော်လေးလို့ ခေါ်ကြသလို တချို့က ကရင်စကားနဲ့ “ဖုကြိုက်” မြန်မာလို “အဘိုး” လို့ ခေါ်ကြပါတယ်။ အဘိုးကို ရွာခေါင်းဆောင်အဖြစ် တင်မြှောက်ထားတဲ့ သဘောပါပဲ။“အဘိုးကို တချို့က မိစ္တာလား၊ ဒိဌိလားဆိုပြီး အစက ပြောကြတယ်။ အရင်က ရွာ သာရေးနာရေးအတွက် အလှူခံထွက်ရင် လူတွေ မထည့်ကြဘူး၊ အခုတော့ နည်းနည်း တော်လာပြီ” လို့ ဦးမောင်ဒါးက ပြောပါတယ်။ ရွာသား အများစုက ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် လာကြပေမယ့် အရင်က နတ်ကိုးကွယ်ခဲ့တဲ့ ဓလေ့တွေလည်း ကျန်ရှိနေတုန်းပဲလို့ သိရပါတယ်။ရွာကို သတ်သတ်လွတ် နယ်မြေအဖြစ် သတ်မှတ်ထားပြီး စေတီ တချို့တည်းထားတာ တွေ့ရပါတယ်။ ဒီမှာနေထိုင်ကြတဲ့ လူတွေ အားလုံးဟာ သတ်သတ်လွတ်စားပြီး ကရင်ရိုးရာ ဝတ်စုံ ဝတ်ဆင်ကြတဲ့အပြင် ဆံပင်တွေကိုလည်း အရှည် ထားကြရတယ်လို့ အသက် ၄၀ အရွယ် ရွာသူ အမျိုးသမီးတဦးက ရှင်းပြပါတယ်။

“ဒီမှာ သတ်သတ်လွတ် မစားတဲ့လူ မရှိဘူး၊ အဘိုးကို ကိုယ့်ရဲ့ ဆရာသမား တယောက်လိုပဲ၊ သူ့စကားကို အားလုံးနား ထောင်ကြတယ်၊ သူ့ မွေးနေ့ ရောက်ရင်လည်း အဘိုးက ဘုန်းကြီးတွေကို ဖိတ်၊ ဆွမ်းကပ် အလှူတွေ လုပ်ပါတယ်” လို့ သူက ဆိုပါတယ်။အဘိုးနဲ့ တွေ့ဆုံခွင့်ရနိုင်မလားလို့ မေးမြန်ကြည့်တော့ လောလောဆယ် ရွာမှာမရှိဘူး ကော့ကရိတ်မြို့နယ်ကို ခရီး လွန်နေတဲ့ အကြောင်း ဦးမောင်ဒါးက ရှင်းပြပါတယ်။ ရွာသူရွာသားတချို့လည်း အဘိုးနဲ့ အတူ လိုက်ပါသွားတယ်လို့ သိရပါတယ်။ရွာသားတွေက အဘိုးကို တွေ့ချင်ရင်တော့ သူတို့မှာ ဓာတ်ပုံ ရိုက်ထားတာ ရှိတဲ့အကြောင်း၊ ပလတ်စတစ် လောင်းထားတဲ့ ပုံတွေကို ပြသပြီး ရွာထဲက ထမင်းစားဆောင်၊ ရက်ကန်းရက်တဲ့နေရာ တွေကိုပါ လိုက်လံပြသ ခဲ့ပါသေးတယ်။

ထမင်းစားတဲ့ အဆောင်ကို ရောက်သွားတဲ့ အချိန်မှာတော့ သူတို့ရဲ့ အဘိုးနဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ ခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ဗိုလ်ချုပ် ထိန်မောင်နဲ့အတူ တွဲရိုက်ထားတဲ့ ပုံတွေကိုပါ တွေ့ရပါတယ်။ဒါ့အပြင် အဘိုးနဲ့ အတူ ယခင် စစ်အစိုးရ ခေါင်းဆောင် ဦးခင်ကြူးနဲ့လည်း အမှတ်တရ တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း တွေ့ရပါတယ်။ ရွာမှာရှိတဲ့ လူငယ်အများစုကတော့ စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်ကြပြီး ရသမျှ ငွေတွေ ကို ရန်ပုံငွေ စနစ်နဲ့ အသုံးပြုကြတယ်လို့ သိရပါတယ်။ရွာဖွံ့ဖြိုးရေး အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်း (NGO) တချို့က ကမ်းလှမ်းခဲ့ဖူးပေမယ့် အခက်အခဲ တချို့ရင်ဆိုင်ခဲ့ရ တဲ့အကြောင်း အဲဒီရွာကို သွားရောက် လေ့လာခဲ့ဖူးတဲ့ ကရင်တိုင်းရင်းသား ကိုရှားဖောင်အွာက ပြောပြပါတယ်။

“သူတို့ရွာက လူတွေကို ပညာပေးလုပ်ငန်းတွေ သင်တန်းပေးချင်တယ် ပေးလို့မရဘူး၊ မြို့ကိုသွားမယ်ဆိုရင် မလွှတ်ဘူး၊ ဆရာဖြစ် သင်တန်း ဘားအံမှာ သွားထားပေးမှာပေါ့၊ ကလေးမ နှစ်ယောက်ကို၊ ဒါပေမယ့် မရဘူး။ ကျနော်တို့ ဘားအံမှာ ရက်ကန်း သင်တန်းကျောင်းရှိတယ်။ ရွာကလူ ၅ ယောက်လောက် ကျနော်တို့အားလုံး အကုန်ကျခံ ပို့ပေးမယ်ပြောတယ် မရဘူး။ သင်ချင်ရင် ဆရာမခေါ်လာခဲ့၊ ရွာမှာ လာသင်လို့ ပြောတယ်” လို့ သူက ဆိုပါတယ်။ရွာမှာရှိတဲ့ လူတွေအားလုံးက သူတို့ရဲ့ ခေါင်းဆောင်စကားကို နားထောင်ကြတဲ့ အပြင် တခြားမြို့နယ်မှာ နေတဲ့ ရွာသားတွေလည်း နားထောင်ကြတယ်လို့ ကိုရှားဖောင်းအွာက ဆက်ပြောပြပါတယ်။“အဲဒီရွာမှာ ရှိနေတဲ့လူတင် မဟုတ်ဘူး၊ အပြင်မှာ ပြန့်ကျဲနေတဲ့ ရွာတိုင်းရွာတိုင်းမှာ သူ့လူတွေရှိတယ်။ သူ့ရဲ့ ပွဲတော်ရက်၊ သူ့ရဲ့ မွေးနေ့၊ သူတို့ ပြောတာကတော့ ထမုဒ် ထိုးတယ်ခေါ်တယ်၊ အဲဒီပွဲတော်ရက် ရောက်ပြီးဆိုရင် ရွာတွေ ရွာတွေက သူ့ရဲ့လူတွေ အကုန်လုံး သွားပြီးတော့ ပါဝင်ကြတယ်” လို့ သူက ဆိုပါတယ်။

ရွာမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဦးစားပေးမှု မရှိဘဲ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆိုင်းဘုတ်ကြီးသာ စိုက်ထူထားပြီး စာသင်ကျောင်း မရှိဘူးလို့ သိရပါတယ်။“စာသင်ကျောင်း မရှိဘူး၊ ရှိတဲ့ စာသင်ကျောင်းဟာလည်း အဖြစ်သဘောလောက်ပဲ လုပ်ထားကြတယ်။ ကလေးတွေမှာ ဗလာ စာအုပ်တောင် မရှိဘူး။ ကလေးတွေ စာသင်တာ ကတ်ထူစက္ကူတွေနဲ့ စာတွေ သင်နေကြတယ်။ မုန့်ဖာတွေ အပေါ်မှာ စာတွေ ရေးနေကြတယ်။ ပညာရေးကို ဦးစားမပေးတာ” လို့ ကိုရှားဖောင်အွာက ဆိုပါတယ်။ဒီလို ဖြစ်ပျက်မှုနဲ့ ပတ်သက်ပြီးတော့ တခုအားသာချက် ရှိနိုင်သလို အားနည်းချက်လည်း ရှိတယ်လို့ သူ့ရဲ့ အမြင်ကို ဆက်ပြောပါတယ်။

ကိုရှားဖောင်အွာက “အားသာချက်ကို ပြောကြည့်ရမယ်ဆိုရင် သူတို့က ရှင်းရှင်းလင်းလင်း နေချင်တယ်၊ သူများတွေနဲ့ မပတ်သက်ချင်ဘူး။ နောက်တခုက ရိုးရာ တခုလို ထိန်းသိမ်းချင်တယ်၊ တခြားရိုးရာ ထိန်းသိမ်းတာ ဘာညာတော့ မသိဘူး၊ ရိုးရာဝတ်စုံ ထိန်းသိမ်းတာတော့ တော်တယ်။ ကျန်တာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး” လို့ ဆိုပါတယ်။သူ့အနေနဲ့တော့ အဲဒီရွာက လူတွေကို ပညာတတ် စေချင်တယ်၊ အဲဒီ လူတွေ တကယ်လို့များ ပညာတတ်ခဲ့ရင် တမျိုးတဖုံ ပြောင်းလဲ သွားနိုင်တယ် လို့ ကိုရှားဖောင်အွာက သူ့ဆန္ဒကို ပြောပြတယ်။“အဓိက အဲဒီမှာ ရှိတဲ့ ကရင်တွေက ပညာအားနည်းတယ်၊ လုံးဝကို အခြေအနေဆိုးတယ်။ ကျောင်းမရှိတာထက် ပညာရေးကို အားပေးမယ့်သူမရှိဘူး။ ကျနော် စကား တီးခေါက်ဖူးတယ် သူတို့ရဲ့ အမြင်ထဲမှာ ပညာရေးဆိုတာ ခေတ်မရှိတော့ဘူး၊ ပညာမရှိလည်း ထမင်းစားရတယ် ဆိုတဲ့ အသိနဲ့ သူတို့တွေမှာ အဲဒါတွေ ဝင်နေတယ်” လို့ ကိုရှားဖောင်အွာက ဆိုပါတယ်

Credit to Original

About the author

Aung Lay

Leave a Comment